သီးနှံစျေးနှုန်းကျဆင်းမှုကြောင့် ယောဒေသက တောင်သူတွေ တောင်ယာကို စွန့်ခွာပြီး ဝက်မွေးမြူရေးကို ရွေးချယ်လာ

Author CJ Platform
Categories
Published on Apr 24, 2026

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ယောဒေသမှာ သီးနှံစျေးနှုန်းကျဆင်းပြီး စက်သုံးဆီစျေးနဲ့ သွင်းအားစုကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ဒေသခံတောင်သူတွေ တောင်ယာခွင်တွေကို စွန့်ခွာလာကြပြီး ဝက်မွေးမြူရေးကို ပိုမိုလုပ်ကိုင်လာနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ယောဒေသဟာ တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ စပါးတစ်တင်း ၂၀,၀၀၀ ဝန်းကျင်သာ ရရှိခဲ့တာကြောင့် တောင်သူတွေအနေနဲ့ မြေဆီမြေသြဇာဖိုး၊ လုပ်အားခ၊ စိုက်ပျိုးထွန်ယက်စရိတ်တွေကို မကာမိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

“စပါးတစ်တင်း ၂၀,၀၀၀ ပဲရတဲ့အခါကျတော့ စိုက်ပျိုးစရိတ်တွေက မကာမိဘူးပေါ့၊ ရှုံးတယ်။ အခုလည်း ဓာတ်ဆီဈေးသာ တစ်လီတာ ၁၅,၀၀၀ အထိ တက်လာတာ၊ စပါးဈေးက မတက်လာဘူးလေ” လို့ အကြည်ဘန်းကျေးရွာအုပ်စုက အသက် ၃၅ နှစ်ဝန်းကျင် ဒေါ်ဇင်နွယ်ဝင်းက ပြောပါတယ်။

 

၂၀၂၆ ခုနှစ် မတ်လကနေစပြီး စက်သုံးဆီဈေးတွေဟာ တစ်လီတာ ၅,၀၀၀ ကနေ ၁၅,၀၀၀ အထိ ၃ ဆ မြင့်တက်လာတာကြောင့် အခြေခံကုန်ဈေးနှုန်းတွေပါ တစ်ရိပ်ရိပ်တက်လာတဲ့ဒဏ်ကို တောင့်ခံနိုင်ဖို့ တောင်သူလုပ်ငန်းအပြင် ဝက်မွေးမြူရေးလုပ်ငန်းကိုပါ လုပ်ကိုင်လာကြရပါတယ်။

 

ယောဒေသတွင် တစ်လခွဲအရွယ်ရှိတဲ့ ဝက်သားပေါက်တစ်ကောင်ကို ကျပ် ၃၀၀,၀၀၀ ကျော်နဲ့ ရောင်းချနေရပြီး ဝက်သားတစ်ပိဿာကိုလည်း ကျပ် ၂၅,၀၀၀ ခန့်အထိ မြင့်တက်လာပါတယ်။

 

“အရင်ကတော့ စစ်ရေးအခြေအနေတွေကြောင့် ဆုံးရှုံးမှာကို စိုးရိမ်ပြီး ဝက်မမွေးကြပါဘူး။ အရာရာ ဈေးတက်လာတော့ ဝက်မွေးမြူရေးကိုပဲ မဖြစ်မနေ လုပ်လာကြတာပေါ့” လို့ ကျင်းစံပြကျေးရွာအုပ်စုက အသက် ၂၈ ဝန်းကျင် ဒေါ်ငြိမ်းငြိမ်းက ပြောပါတယ်။

 

ဝက်မွေးမြူရေးလုပ်ငန်းမှာ အသားတိုးဝက်မွေးမြူခြင်း၊ မျိုးဝက်မ မွေးမြူခြင်း နှစ်မျိုးရှိပြီး မျိုးဝက်မ မွေးမြူခြင်းက အကျိုးအမြတ် ပိုမိုရရှိနိုင်လို့ မျိုးဝက်မ မွေးမြူသူတွေလည်း တိုးလာကြောင်း ဒေသခံများက ပြောပါတယ်။

 

“မျိုးဝက်မ မွေးတာက ပိုကိုက်ပါတယ်။ တစ်နှစ်ကို နှစ်ကြိမ်သားကျတယ်။ ပြုစုရတာလည်း အများဆုံး တစ်ပတ်၊ ဆယ်ရက်ပေါ့။ ကျွန်တော်တို့ကတော့ မျိုးဝက်မကိုပဲ အဓိကထား မွေးနေပါတယ်” လို့ ကျားခဲရွာဒေသခံ အသက် ၃၅ ဝန်းကျင် ဦးအောင်ကြီးက ပြောပါတယ်။

 

အသားတိုးဝက်တွေကိုတော့ အသက် ၆ လမှ ၈ လ၊ ပိဿာချိန် ၅၀၊ ၆၀ ကျော်လောက်မှာ ရောင်းချလေ့ရှိကြပါတယ်။ ယောဒေသမှာ နေ့စဉ်သွင်းလို့ရတဲ့ ဝက်ခုံတွေ၊ အသားဈေး ငါးဈေး မရှိတာကြောင့် သာရေးနာရေးကိစ္စအတွက် လိုအပ်တဲ့အခါမှာသာ အသားထွက်ပိဿာချိန် ခန့်မှန်းခြေ တွက်ချက်ပြီး ဝက်ခြံအရှင်ဖမ်းစနစ်နဲ့ ရောင်းချကြပါတယ်။ ဟင်းစားအတွက် ရွာတွေလှည့်ပြီး တစ်ပိဿာတွဲတွေ တွဲပြီးရောင်းချကြတဲ့အပြင် တော်လှန်ရေးအင်အားစုတွေ ဟင်းစားလိုတဲ့အခါ ရောင်းချပေးကြရတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

 

“ဒီမှာက ရွာနီးနားက လိုရင် လာဝယ်ကြတာများတယ်။ တခြားဒေသဘက်က ဝက်တွေ အကောင်ပြတ်လာဝယ်တာ သိပ်မရှိတော့ ကိုယ့်ဒေသလူအချင်းချင်း ကြိုက်ရောင်း ကြိုက်ဝယ်ပေါ့ဗျာ။ မြို့တွေမှာလို kg နဲ့ချိန်ပြီး ရောင်းကြတာမဟုတ်တော့ သာတဲ့အခါသာ၊ နာတဲ့အခါနာပေါ့ဗျာ” လို့ အကြည်ဘန်းရွာဒေသခံ အသက် ၅၀ ဝန်းကျင် ဦးမိုးမိုးက ပြောပါတယ်။

 

ဝင်ငွေထက် ထွက်ငွေများတာမို့ ဝင်ငွေတစ်ခုအနေနဲ့ ဝက်မွေးနှုန်းတိုးလာပေမယ့် ဝက်စာစရိတ်မြင့်တက်မှုကလည်း အခက်အခဲအဖြစ် ရှိနေပြန်ပါတယ်။ ဝက်အစာအဖြစ် အသုံးပြုတဲ့ ဖွဲဈေးတွေဟာ ယခင်က ဖွဲနုတစ်တင်း ၂,၀၀၀ မှ ယခုအချိန်တွင် ဖွဲနုတစ်တင်း ၅,၀၀၀ အထိ မြင့်တက်လာပြီး နွေရာသီကာလမှာပင် ဝယ်ယူရန် ခက်ခဲလာကြောင်း သိရပါတယ်။

 

“ဖွဲက နွေရာသီဆို ရှားတတ်ပါတယ်။ အခုတော့ စက်သုံးဆီဈေးတက်တာကြောင့် ဖွဲဈေးတွေပါ တက်လာပြီး ဝယ်ရခက်လာတာပေါ့။ ဝက်မွေးတာက ဝင်ငွေအတွက်ပဲ လုပ်တာပါ၊ ဒါပေမယ့် ရာသီဥတုပူလွန်းလို့ ရောဂါဖြစ်ပြီး ဝက်ကသေရင် ဆုံးရှုံးမှုကြီးပါတယ်” လို့ အသက် ၅၅ ဝန်းကျင် ဒေသခံအမျိုးသမီး ဒေါ်ဆစ်တိုက ပြောပါတယ်။

 

လက်ရှိတွင် အိမ်ထောင်စုတစ်ခုကို အနည်းဆုံး ဝက်နှစ်ကောင်ခန့် မွေးမြူလာကြပြီး ဝက်တစ်ကောင်ကို အရင်းအနှီးအဖြစ် ထားကာ ကျန်တစ်ကောင်မှ ရရှိတဲ့အမြတ်ကိုသာ အသုံးပြုနိုင်တယ်လို့ ဝက်မွေးမြူရေးလုပ်သူများက ဆိုပါတယ်။

 

“တတ်နိုင်ရင် နှစ်ကောင်မွေးတာက ပိုအဆင်ပြေပါတယ်။ အစာစရိတ်တွေတက်လာတော့ တစ်ကောင်တည်းဆို အမြတ်မကျန်သလောက်ပဲ။ နှစ်ကောင်မွေးမှ တစ်ကောင်အရင်း၊ တစ်ကောင်အမြတ် တွက်နိုင်တာ” လို့ အကြည်ဘန်းရွာအုပ်စု အသက် ၃၅ ဝန်းကျင် ဦးအောင်ဆွေက ပြောပါတယ်။

 

ထီးလင်းမြို့နယ်တွင်းမှာ ဝက်မွေးမြူနှုန်းက ၂၀၂၅ ခုနှစ်ကထက် ပိုတိုးလာပြီး ဒေသတွင်း ရောင်းကြဝယ်ကြတာဖြစ်လို့ ဈေးကွက်အခြေအနေအရ ဝက်သားပေါက်ဈေးနှုန်းနဲ့ ဝက်သားဈေးဟာ ကျဆင်းနိုင်ခြေရှိတယ်လို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။

 

ဒေသခံတောင်သူများအနေဖြင့် သီးနှံဈေးကွက်မတည်ငြိမ်မှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများကြောင့် ဝက်မွေးမြူရေးလုပ်ငန်းဟာ ယာယီဝင်ငွေဖြေရှင်းချက်တစ်ခုအနေနဲ့ အသုံးပြုနေရတာ ဖြစ်ပါတယ်။