မှတ်ပုံတင်ကို ငွေမကုန်ဘဲ နေ့ချင်းအပြီး ဆောင်ရွက်ပေးမယ်လို့ စစ်အုပ်စုခန့် လဝကဝန်ကြီးပြော ၊ လက်တွေ့မှာ အချိန်ဆွဲ ငွေတောင်းမှုတွေ ကြုံတွေ့နေရ
ပြည်သူလူထု စိတ်ချမ်းသာစေရန် မှတ်ပုံတင်ကို ငွေမကုန်ဘဲ နေ့ချင်းအပြီး ဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ စစ်အုပ်စုခန့် လဝကဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။
မနေ့က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ စစ်ခေါင်းဆောင်ရဲ့ ရက် ၁၀၀ လမ်းညွှန်ချက်တွေကို ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားမှာ ဦးမြင့်ကြိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“မှတ်ပုံတင်ကို နိုင်ငံသားတိုင်း မရမရှိ ကိုင်ဆောင်နိုင်ရန် ကြိုးစားနေပြီး မှတ်ပုံတင်လုပ်ရာတွင် လွယ်ကူရိုးရှင်းပြီး မြန်ဆန်တိကျစွာ လုပ်ဆောင်ပေးရန်နဲ့ ရက် ၁၀၀ စီမံချက်ကာလအတွင်း မှတ်ပုံတင်ကို ငွေမကုန်ဘဲ နေ့ချင်းအပြီး ပြုလုပ်ပေးသွားဖို့ စီစဉ်နေတယ်” လို့ စစ်အုပ်စုခန့် ဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။
မှတ်ပုံတင်ပြုလုပ်ရာတွင် စာရွက်စာတမ်း အကုန်ပြည့်စုံသော်လည်း လဝကဝန်ထမ်းများက ပိုက်ဆံမရ၍ အချိန်ဆွဲထားရာ ၃ လကြာသွားပြီး ၅ သောင်းပေးမှ မှတ်ပုံတင်ရခဲ့တယ်လို့ မြောက်ဥက္ကလာမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မြောက်ဥက္ကလာ လဝကရုံးမှာ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်လုပ်တာ သန်းခေါင်စာရင်း၊ ရပ်ကွက်ထောက်ခံစာ၊ သွေးစစ်လက်မှတ်၊ မွေးစာရင်း၊ ကျောင်းထောက်ခံစာ၊ အဖေအမေမှတ်ပုံတင် အကုန်ရှိတယ်။ သူတို့တောင်းသမျှလည်း အကုန်ပေးနိုင်တယ်။ အဲဒါကို ပိုက်ဆံမရလို့ ဝန်ထမ်းတွေက ရစ်နေတာ ၃ လ၊ ၄ လလောက်ကြာတယ်။ နောက်ဆုံး ၅ သောင်းပေးလိုက်မှ ကလေးမှတ်ပုံတင်ရတယ်။ ကိုယ်သာခက်ခဲတာ၊ ပွဲစားတွေနဲ့လုပ်တဲ့သူကျတော့ ၂ သိန်း၊ ၃ သိန်းပေးရင် ဒီနေ့လုပ် ဒီနေ့ရတယ်” လို့ ပြောပါတယ်။
လှိုင်သာယာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်မှာလည်း ပွဲစားနဲ့လုပ်ဆောင်ပါက မှတ်ပုံတင် ၁ ခုကို ၁ သိန်းကနေ ၄ သိန်းအထိ ပေါက်ဈေးရှိပြီး ကိုယ်တိုင်လုပ်ပါက ၃ လမှ ၆ လအထိ ကြာတတ်ပြီး အချို့မှာ ၉ လအထိ ကြာတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“လှိုင်သာယာမွေးပြီး လှိုင်သာယာမှာကြီးတာ၊ မှတ်ပုံတင်ကလည်း ၁၂/လသယ ပဲ ကိုင်ထားတာ။ အဲဒါကို မှတ်ပုံတင်ပျောက်လို့ ပြန်လုပ်တာ ၄ လကြာတယ်။ ကိုယ့်နောက်မှ ပွဲစားနဲ့လုပ်တဲ့သူတွေက ၂ ရက် ၃ ရက်နဲ့ရတယ်။ ဘာလို့လဲဆိုတော့ မှတ်ပုံတင်တစ်ခုကို ၁ သိန်းကနေ ၄ သိန်းအထိ ပေါက်ဈေးရှိတော့ ပွဲစားနဲ့လုပ်တဲ့သူတွေကို အရင်လုပ်ပေးတာ” လို့ ပြောပါတယ်။
လဝကဝန်ထမ်းအများစုမှာ ငွေကြေးရရှိရန်အတွက် ကိုယ်တိုင်မှတ်ပုံတင်လုပ်သူများကို နည်းလမ်းမျိုးစုံနဲ့ စိတ်ဒုက္ခပေးပြီး ပွဲစားထံ လမ်းညွှန်လေ့ရှိတယ်လို့ မရမ်းကုန်းမြို့နယ်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မရမ်းကုန်းမှာ မွေးတိုးလုပ်တယ်။ ကလေးမွေးစာရင်းရော၊ အဖေ၊ အမေ မှတ်ပုံတင်ရော၊ သန်းခေါင်စာရင်းရော ပါတယ်။ အဲဒါ ဟိုနေ့ချိန်း ဒီနေ့ချိန်း ၁ လလောက်ကြာတယ်။ နောက်ဆုံး ပွဲစားနဲ့လုပ်မှ မွေးတိုးထည့်လို့ရတယ်” လို့ ရှင်းပြပါတယ်။
နိုင်ငံသားစိစစ်ရေးကတ်လို့ခေါ်တဲ့ မှတ်ပုံတင်ပြုလုပ်ရာ လဝကရုံးတွေမှာ မွေးတိုး၊ သေဖျက်၊ ပုံစံ ၁၀ အဝင်၊ ပုံစံ ၁၀ အထွက်၊ သန်းခေါင်စာရင်း အသစ်လျှောက်၊ ပျောက်ပျက်မိတ္တူလျှောက်တာနဲ့ အသက် ၁၀ နှစ်ပြည့်၊ အသက် ၁၈ နှစ်ပြည့်၊ အသက် ၃၀ ပြည့် မှတ်ပုံတင် အသစ်လျှောက်တာ၊ ပျောက်ဆုံးပျက်စီး လဲလှယ်တာတွေကို ပြည်သူတွေလုပ်ဆောင်ရာမှာ ငွေကြေးတောင်းခံမှုတွေ လချီစောင့်ဆိုင်းရမှုတွေ ဆက်လက် ရှိနေပါတယ်။
ဓာတ်ပုံ – Pro-SAC
