အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို ခါးပတ်နဲ့ရိုက်တဲ့ အမျိုးသမီး အမှုဖွင့်အရေးယူခံရ

Author CJ Platform
Categories
Published on Apr 23, 2026

အရွယ်မရောက်သေးတဲ့ အသက် ၁၀ နှစ်အရွယ် မိန်းမငယ်တစ်ဦးကို ကန်ကျောက်ကာ ခါးပတ်နဲ့ ရိုက်နှက်ခဲ့တဲ့ တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက် ပါလျှံ ၁ ကျေးရွာက အသက် ၃၂ အရွယ် အမျိုးသမီးကို ဒီကနေ့ ဧပြီ ၂၃ရက် မနက်မှာ ရဲစခန်းက အမှုဖွင့်အရေးယူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဧပြီလ ၂၂ ရက် ညနေ ၄ နာရီခွဲက ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက် ပါလျှံ ၁ ကျေးရွာမှာ အသက် ၁၀ နှစ်အရွယ် မိန်းမငယ်တစ်ဦးကို အမျိုးသမီးတစ်ဦးက ကန်ကျောက်ပြီး ခါးပတ်နဲ့ရိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အဖေဖြစ်သူက မိန်းမနဲ့ကွဲနေလို့ သူ့ညီမဆီ ကလေးကိုအပ်ထားပြီး တခြားမှာ အလုပ်သွားလုပ်နေတာ။ မနေ့က ကလေးကို အလုပ်လုပ်တာ စိတ်တိုင်းမကျလို့ဆိုပြီး ခြေထောက်နဲ့ကန်တယ်၊ တက်နင်းတယ်၊ ခါးပတ်နဲ့ ဆက်တိုက်ရိုက်တယ်။ ဒါကို အရပ်ထဲက ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်လိုက်လို့ ခေါ်စစ်ဆေးပြီး အမှုဖွင့်တာ” လို့ ပြောပါတယ်။

 

အဆိုပါဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဒီကနေ့မနက်မှာ ဟောင်လိတ်နယ်မြေရဲစခန်း၊ လူမှုဝန်ထမ်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက အဆိုပါအမျိုးသမီးကို သွားရောက်စစ်ဆေးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

 

“သူကိုယ်တိုင်လည်း ရိုက်တယ်ဆို ဝန်ခံတယ်။ အမှုကတော့ ဒုရဲအုပ်ကိုယ်တိုင် တရားလိုလုပ်ပြီး ဖွင့်တာ။ ကလေးကိစ္စကို ဘယ်လိုလုပ်မလဲဆိုတာပဲ လူမှုဝန်ထမ်းရော အုပ်ချုပ်ရေးရော စဉ်းစားနေတာ” လို့ ရှင်းပြပါတယ်။

 

လက်တလောမှာ ပြစ်မှုကျူးလွန်သူ ဒေါ်လောမိန့်ကို ဟောင်လိတ်နယ်မြေရဲစခန်းက ကလေးသူငယ်ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

 

ရိုက်နှက်ခံရတဲ့ မိန်းမငယ်လေးကို တာချီလိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာမှာ စောင့်ရှောက်ထားရန်အတွက် ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်ကလည်း တနင်္သာရီတိုင်း မြိတ်မြို့ ကျောက်ဖြူတောင် ပဋိပတ္တိတောရကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးက အသက် ၁၀ နှစ်အရွယ် ကိုရင်လေးကို လူမဆန်စွာရိုက်နှက်ခဲ့လို့ အဆိုပါကျောင်းထိုင်ဘုန်းကြီးကို ဖမ်းဆီးကာ လူဝတ်လဲပြီး ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်ထားတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news