စစ်ကိုင်းမှာ စစ်အုပ်စုလက်အောက်ခံတွေက သင်္ကြန်ကာလအတွက် လူငယ်တွေကို ဖမ်းဆီးငွေညှစ်နေ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ စစ်အုပ်စုလက်အောက်ခံတပ်သားတွေက ဒေသခံလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေရှိခဲ့ပြီး ဧပြီလ ပထမပတ်ထဲမှာတင် ဒေသခံလူငယ်တွေနဲ့ ခရီးသွား ၈၀ ခန့်ကို ဖမ်းဆီးငွေညှစ်တာတွေပါ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၄ ရက်ကနေ ဧပြီ ၆ ရက်နေ့အတွင်းမှာ လမ်းသွားလမ်းလာ၊ မြို့ပေါ်ကအလုပ်သမားတွေကို အစုလိုက်အပြုံလိုက် ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်ခဲ့ပြီး အမျိုးသား ၈၀ ခန့်ကို ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဖမ်းဆီးထားသူတွေကိုလည်း စစ်မှုထမ်းကင်းလွတ်ခွင့်အတွက် ငွေကျပ် သိန်း ၂၀၀ တောင်းခံနေတယ်လို့ မြို့ခံတွေနဲ့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“တန်ခူးလ သင်္ကြန်အတွက် ငွေညှစ်တာ၊ ငွေမပေးနိုင်တဲ့လူ ၃၃ ထဲပို့မှာပဲ စစ်မှုထမ်း။ ဖမ်းဆီးခံရသူတွေကိုတော့ အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဖမ်းထားပြီးတော့ စစ်မှုထမ်းကင်းလွတ်ရေးအတွက် ပြည်သူတစ်ဦးကို ငွေကျပ် သိန်း ၂၀၀ အထိ ငွေညှစ်နေတာ” လို့ စစ်ကိုင်းမြို့ခံ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စုရဲ့ စစ်မှုထမ်းနဲ့ ခြိမ်းခြောက်ကာ ဖမ်းဆီးငွေညှစ်မှုကြောင့် ဖမ်းဆီးခံရသူတွေရဲ့မိသားစုတွေမှာ ငွေကြေးအခက်အခဲကြောင့် ရှိစုမဲ့စု ပိုင်ဆိုင်ရာ ပစ္စည်းတွေကို ရောင်းချတာ၊ ချေးငှားပေါင်နှံတာတွေလုပ်ဆောင်ပြီး ငွေညှိနှိုင်းနေကြရပါတယ်လို့ သိရပါတယ်။
“ရွှေမင်းဝံရပ်ထဲက ကျွန်တော်တို့အသိ ဆိုက်တွဲမောင်းတဲ့သူ ဖမ်းခံရတာ၊ သူ့မိသားစုကလိုက်နေတာ ငါးဆယ်လောက်ဆို ဆိုက်တွဲရောင်းပြီး ပေးမလို့၊ အခုက ၂၀၀ ဆိုတော့ ခက်နေကြတာ။ လိုက်တော့လိုက်နေကြတာပဲ ဘယ်လောက်နဲ့ပြတ်မလဲ မသိသေးဘူး၊ အခုမနက်ထိတော့ မလွတ်လာသေးဘူး” လို့ ဖမ်းဆီးခံရသူတစ်ဦးရဲ့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက ဒီကနေ့ (ဧပြီ ၈ ရက်) မနက်ပိုင်းမှာ CJ Platform ကို ထပ်မံအတည်ပြုပြောပါတယ်။
ဒီကနေ့ ဧပြီ ၈ ရက်နေ့ မနက်ပိုင်းမှာလည်း လမ်းသွားလမ်းလာ ခရီးသွားကားတွေကို တားဆီးစစ်ဆေးတာနဲ့ အမျိုးသားလူငယ်တွေကို ဖမ်းဆီးတာတွေရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့မှာလည်း စစ်အုပ်စုလက်အောက်ခံတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က စစ်ကိုင်းမြို့တွင်းနဲ့ မြို့ပြင်နေရာတွေမှာ လုံခြုံရေးတင်းကျပ်ပြီး လမ်းသွားလမ်းလာ ပြည်သူ ၅၀ ခန့်ကို ပေါ်တာဆွဲဖမ်းဆီးတာတွေရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေအနေနဲ့ ဒီကနေ့ ဧပြီ ၈ ရက်နေ့အထိ ပြန်လည်လွတ်မြောက်တာမရှိသေးဘူးလို့ သိရပါတယ်။
အလားတူပဲ ဧပြီလ ၄ ရက်နေ့ကလည်း ရွာထောင်ရပ်၊ ဓာတ်ပေါင်းစုဘုရားအနီးမှာ ဘိလပ်မြေအတင်အချလုပ်ကိုင်နေတဲ့ အလုပ်သမား ၃၀ ခန့်ကို စစ်အုပ်စုလက်အောက်ခံတွေက ဖမ်းဆီးမှုတွေရှိခဲ့ပြီး ဖမ်းဆီးခံရသူတချို့တော့ ပြန်လည်လွတ်မြောက်တာရှိခဲ့ပေမယ့် အများစုကတော့ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုတပ်သားတွေရဲ့ အခုရက်ပိုင်း ဖမ်းဆီးမှုတွေက တန်ခူးလ သင်္ကြန်အတွက် ရန်ပုံငွေရှာတဲ့အနေနဲ့ ငွေညှစ်တာတွေလုပ်ဆောင်နေတာဖြစ်ပြီး ငွေမပေးနိုင်တဲ့သူတွေကို စစ်မှုထမ်းတပ်သားအဖြစ် တပ်ထဲကိုပို့ဆောင်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။
အခုလို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်းမှာလည်း လေးရက်ဆက်တိုက် (ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ) စစ်ကိုင်းမြို့ပေါ်က ရပ်ကွက်တွေမှာ ဧည့်စာရင်းစစ်တာ၊ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ဖမ်းဆီးတာတွေရှိခဲ့တာကြောင့် အမျိုးသားလူငယ် ၂၀၀ ခန့် ဖမ်းဆီးခံရပြီး စစ်ကိုင်း တပ်မ ၃၃ မှတစ်ဆင့် မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) ကို ပို့ဆောင်ခြင်းခံခဲ့ရပါသေးတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်မှ ၂၂ ရက်နေ့အထိလည်း မြို့ပေါ်ရပ်ကွက်တွေနဲ့ အလုပ်သွားအလုပ်ပြန် လူငယ် ၁၀၀ ကျော်ကို စစ်အုပ်စုက ဖမ်းဆီးတာတွေရှိခဲ့ပါသေးတယ်။
