‘ဝ’ ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့အနီးက ယမ်းချက်စက်ရုံပေါက်ကွဲပြီး ၁၆၀ နီးပါး ထိခိုက်သေဆုံးဟုဆို

Author CJ Platform
Categories
Published on Apr 08, 2026

ရှမ်းပြည်အရှေ့ပိုင်း ပန်ဆန်းမြို့ ရုံးခမ်းရွာအနီးမှာ ယမ်းချက်စက်ရုံတစ်ခု ပေါက်ကွဲမှု မနေ့ ဧပြီ ၇ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၆၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားသလို ဒေသတွင်း ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။

 

ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

 

ယမ်းချက်စက်ရုံအနီးမှာ စက်သုံးဆီဆိုင်လည်း ရှိတာကြောင့် ပေါက်ကွဲမှုအခြေအနေ ပိုမိုဆိုးရွားခဲ့တယ်လို့ ရွှေဖီမြေကလည်း ဖော်ပြထားပြီး သတ္တုမိုင်းခွဲရာမှာ အသုံးပြုတဲ့ ယမ်းတွေကို ထုတ်လုပ်နေတဲ့ စက်ရုံလည်း ဖြစ်တယ်လို့ သိရပါတယ်။

 

ယမ်းချက်စက်ရုံပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးသူတွေရဲ့ အခြေအနေကို အသေးစိတ် မသိရသေးတာကြောင့် ဒီအခြေအနေနဲ့ပတ်သက်ပြီး UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ရွှေဖီမြေသတင်းဌာန

မှတ်ချက် ။ ။ သတင်းဓာတ်ပုံအားလုံးအား ရွှေဖီမြေသတင်းဌာနမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ CJ Platform ၏ House Style အရသာ Photo Frame ဖြင့် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပါသည်။

 

 

Related News

Depend on news