ခမရ (၃၉၀) ရဲ့ တပ်အင်အား အပါအဝင် တပ်တွင်းစာရင်းဇယားများပေါက်ကြား တပ်အင်အားကို စစ်မှုထမ်းများနဲ့ အဓိကဖြည့်တင်းထားရ

Author CJ Platform
Categories
Published on Aug 02, 2025

စစ်ကောင်စီရဲ့ အမှတ်(၃) ခြေလျင်တပ်မဟာလက်အောက်ခံ အမှတ် (၃၉၀) ခြေမြန်တပ်ရင်း ခမရ (၃၉၀)ရဲ့ တပ်အင်အားဟာ အမှန်တကယ်ရှိရမယ့် တပ်ဖွဲ့စည်းပုံအင်အားရဲ့ ၂၉ ဒသမ ၅၁ ရာခိုင်နှုန်းသာရှိနေပြီး လက်ရှိအင်အားရဲ့ ၅၃ ဒသမ ၃၅ ရာခိုင်နှုန်းဟာ အဓမ္မစစ်မှုထမ်း ခေါ်ဆောင်ခံထားရတဲ့ ပြည်သူ့စစ်မှုထမ်းတွေဖြစ်တယ်လို့ CJ Platform က လက်ခံရရှိထားတဲ့ တပ်အင်အားပေါက်ကြားစာအရ သိရပါတယ်။

 

ကချင်ပြည် နမ္မတီးမြို့ အခြေစိုက် ခမရ (၃၉၀)ရဲ့ တပ်ဖွဲ့စည်းပုံအင်အားဟာ အရာရှိအင်အား ၃၁ဦး၊ အခြားအဆင့် ၈၂၆ ဦး ရှိရမှာ ဖြစ်ပေမဲ့ ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ ဇွန်လ ၃၀ ရက်နေ့ထိ အရာရှိ ၁၃ ဦး၊ အခြားအဆင့် ၂၄၀ ဦး စုစုပေါင်း ၂၅၃ ဦးသာ ရှိပါတယ်။ အခြားအဆင့် ၂၄၀ ဦးအနက် ၁၃၅ ဦးဟာ စစ်မှုထမ်းဥပဒေအရ အဓမ္မစစ်မှုထမ်းနေသူတွေဖြစ်ပါတယ်။

 

ဒီအင်အားစာရင်းအတွင်းမှာ တပ်ပြေးအဖြစ် ၂၀ ဦးထိ ပါဝင်နေပါသေးတယ်။

 

အရာရှိအင်အားစာရင်းမှာ တပ်ရင်းဖွဲ့စည်းပုံအရ ဗိုလ်မှူး/ဗိုလ်ကြီး ၄ ဦး လိုအပ်နေပြီး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၁၃ ဦး လိုအပ်ချက်တွေရှိနေတာကို ပေါက်ကြားလာတဲ့ တပ်အင်အားစာရင်းမှာ တွေ့ရှိရပါတယ်။

 

CJ Platform က လက်ခံရရှိထားတဲ့ တပ်အင်အားစာရင်းနှင့် တပ်တွင်းစာရင်းဇယား အပြည့်အစုံကို CJ Platform ရဲ့ YouTube Channel ကနေ ဩဂုတ် ၃ရက်နေ့ မနက် ၁၁နာရီမှာ တင်ဆက်ပေးသွားပါမယ်။