ကရင်နီပြည်တိုက်ပွဲတွေအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် ၄၀၀၀ နီးပါးသေဆုံး

Author CJ Platform
Categories
Published on Aug 01, 2025

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နဲ့ ကယန်းလူမျိုးအများစု နေထိုင်ရာဒေသ  တိုက်ပွဲတွေအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် ၃၈၉၁ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့ အင်အားစု (PKPF) က ဒီနေ့ ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

ကရင်နီပြည် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အုပ်စုတပ်ဖွဲ့တွေကြား လေးနှစ်ခွဲကျော်ကာလအတွင်း တိုက်ပွဲပေါင်း ၁၃၇၉ ကြိမ်ဖြစ်ပွားခဲ့သလို ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲတွေထဲမှာ စစ်အုပ်စုဘက်က ၁၃၀၀ နီးပါး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

 

PKPF က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်အုပ်စုတပ်ဖွဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ၂၀၂၃ ခုနှစ်အတွင်း အကြိမ် ၈၀၀ ဝန်းကျင်နဲ့ အများဆုံးဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသတွင်း စာသင်ကျောင်း၊ ဆေးရုံ၊ နေအိမ်တွေနဲ့ အဆောက်အအုံပေါင်း ၃၂၀၀ ကျော် ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

 

ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုအကြား ထိတွေ့တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က စစ်ဘက်ဆိုင်ရာမော်တော်ယာဉ် ၆၈ စီး ပျက်စီးခဲ့သလို တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် လေးစင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ပါတယ်။

 

စစ်တပ်အာဏာသိမ်းနောက်ပိုင်း စစ်အုပ်စုတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကရင်နီပြည်ဒေသခံပြည်သူ ၈၀၀ နီးပါး သေဆုံးခဲ့ပြီး နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၁၆၀၀၀၀ ကျော်အထိရှိနေပါတယ်။

 

မနေ့ ဇူလိုင် ၃၁ ရက်က ကရင်နီပြည် ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ်နဲ့ မယ်စဲ့မြို့နယ်တို့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) က စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသလို ကရင်နီနဲ့ ထိပ်စပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ပင်လောင်းမြို့တို့ကိုလည်း စစ်အုပ်စုက ထိန်းချုပ်ထားပါတယ်။

 

ဓာတ်ပုံ – KNDF

 

ပုံစာ – ကရင်နီပြည်အတွင်း စစ်အုပ်စုရဲ့ တိုက်လေယာဉ်တစ်စင်း ပစ်ချခံရပုံ

 

 

Related News

Depend on news