ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဘဝိုင်းကန်းနားစုကျေးရွာမှာ အိမ်ခြေ ၃၀ဝန်းကျင်သာ ကျန်တော့

Author CJ Platform
Categories
Published on Aug 01, 2025

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု ကန်းနားစုကျေးရွာမှာ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျတာကြောင့် နေအိမ် ၃၀ ဝန်းကျင်သာ ကျန်တော့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ကန်းနားစုကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက စတင်ပြီး မြစ်ကမ်းပါးပြိုကျတာတွေကြောင့် ကျေးရွာရဲ့ သုံပုံတစ်ပုံကျော် မြစ်ရေတိုက်စားမှုဒဏ်ကို ခံစားခဲ့ရကာ လက်ရှိလည်း ဆက်လက်ပြိုကျနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“နောက်ပိုင်း တစ်ပိုင်းလောက်ပဲကျန်တာ၊ အိမ်တွေက သုံပုံနှစ်ပုံလောက်က မရှိတော့ဘူးဆိုတော့ ၃၀ လောက်ပဲကျန်တော့တာ” လို့ ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

မြင်းကဒေါင်ကျေးရွာ ရွာလုံးကျွတ် ကမ်းပြိုပြီးနောက် ကန်းနားစုကျေးရွာစတင် ကမ်းပြိုချိန်ကစလို့ စစ်ကော်မရှင်က ကူညီပေးတာလုံးဝမရှိခဲ့ပဲ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကမှ ငွေကြေးမတတ်နိုင်သူတွေကို မြေနေရာချပေးနေတယ်လို့ သိရပါတယ်။

 

ကန်းနားစုကျေးရွာ ဒေသခံအများစုမှာ မြစ်ကမ်းပါးပြိုကျတာကြောင့် မြေနေရာဝယ်ယူကာ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ပြောင်းရွှေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

 

လက်ရှိ မြေနေရာဝယ်ဖို့ ငွေကြေးမတတ်နိုင်သူတွေအနေနဲ့ နေလို့ရသမျှအချိန်အထိ နေထိုင်နေကြသူတွေရှိပြီး တချို့မှာတော့ မြို့နယ်စစ်ကော်မရှင်က သတ်မှတ်ပေးလိုက်တဲ့နေရာကို ပြောင်းရွှေ့နေကြပြီလို့လည်း သိရပါတယ်။

 

အခုလိုနေရာသတ်မှတ်ပေးတာဟာ ကမ်နားစုကျေးရွာ မြေပြိုမှုတလျောက် စစ်ကော်မရှင်ရဲ့ ပထမဆုံး ကူညီမှုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“မြေဝယ်ပြီး မဆောက်နိုင်တဲ့သူတွေကိုတော့ ရေကာတာဘေးမှာ နေရာချထားပေးတယ်။ နေရာချပေးတာမျိုးပဲရှိတာပါ၊ တခြားဘာအကူအညီမှမပေးပါဘူး” လို့ ကန်းနားစုကျေးရွာသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ကော်မရှင်က ကန်းနားစုကျေးရွာ ကမ်းပြိုမှုအတွင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ဝါးကပ်တွေနဲ့ မြစ်ကမ်းထိန်းတစ်ကြိမ် လာရောက်လုပ်ဆောင်ပေးပေမဲ့ ရွာလုံးကျွတ်နီးပါး ပြိုကျနေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

မြင်းကဒေါင်ကျေးရွာ ရွာလုံးကျွတ်ကမ်းပါးပြိုကျမှုခံရစဉ် စစ်ကောင်စီ(စစ်ကော်မရှင်)က တစ်အိမ်ထောင် တစ်သိန်းကူညီ ထောက်ပံ့တာတွေ ရှိပေမဲ့ ကန်းနားစုကျေးရွာ ကမ်းပါးပြိုကျမှုကိုတော့ စစ်ကော်မရှင်ဆီကနေ ဘာကူညီမှုမှ မရရှိခဲ့ပါဘူး။

 

“မီဒီယာတွေမှာ သတင်းပါလာတာကို ရွာမှာ အုပ်ချုပ်ရေးပိုင်းက ပြသနာရှာနေတယ်၊ ဘယ်သူသတင်းပေးတာလဲဆိုပြီး လိုက်စုံစမ်းနေတယ်”လို့ ကန်းနားစု အခြားဒေသခံတစ်ဦးကလည်း ပြောပါတယ်။

 

မြစ်ကမ်းပါးပြိုကျမှုကြောင့် ကန်းနားစုကျေးရွာဒေသခံတွေဟာ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ စိုက်ပျိုးမြေနေရာတွေ ဆုံးရှုံးတာ လူနေအိမ်တွေ ဖျက်သိမ်းပြောင်းရွေ့ရတာတွေ ရှိနေပေမဲ့ စစ်ကော်မရှင်က လာရောက် ကူညီပေးမှုတွေ မရှိခဲ့ပါဘူး။

 

ကန်းနားစုကျေးရွာဟာ မြစ်ကမ်းပါးပြိုကျတဲ့ ဘေးကို မကြုံတွေ့ခင်က အိမ်ခြေတစ်ရာကျော်ထိရှိတဲ့ ကျေးရွာကြီးတစ်ခုဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်