စစ်ကောင်စီနဲ့ပတ်သက်သည့် ပစ္စည်းတွေကို YSO PDF သိမ်းဆည်း၊ ပြည်သူ့အတွက် ပြန်သုံးမယ်လို့ဆို

Author CJ Platform
Categories
Published on Jun 25, 2025

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေအတွက် ရည်ရွယ်သယ်ဆောင်လာတဲ့ ဘိလပ်မြေနဲ့ စားဆီတွေကို ဇွန်လ ၂၃ ရက်က သိမ်းဆည်းရမိခဲ့ပြီး အဲဒီပစ္စည်းတွေကို ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုသွားမယ်လို့ Southern YSO PDF တာဝန်ခံက CJ Platform ကို ပြောပါတယ်။

 

ပခုက္ကူ-ရေစကြိုလမ်းပိုင်းပေါ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက် ညနေ ၃ နာရီခန့်က ပခုက္ကူကနေ ရေစကြိုဘက်ကို မောင်းနှင်လာတဲ့ ဆင်ချောင်းကျေးရွာ ပျူစောထီးခေါင်းဆောင် ကိုလင်းထင်ရဲ့ ဘိလပ်မြေနဲ့ သံချောင်းတွေ တင်ဆောင်လာတဲ့ ကားနဲ့ ရေစကြိုစုပေါင်းရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် စားအုန်းဆီ တင်ဆောင်လာတဲ့ ကားတို့ကို တားဆီးစစ်ဆေးခဲ့ပြီး သိမ်းဆည်းခဲ့ခြင်း ဖြစ်ပါတယ်။

 

သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေဟာ ဘိလပ်မြေအိတ် ၂၅၀၊ သံချောင်းမျိုးစုံ ၇၀၊ သုံးမတ်ကွိုင် ပိဿာ ၈၀၊ ၁၀ ပေ ကားတစ်စီးနဲ့ စားဆီပုံး ၁၀၀ တို့ဖြစ်ကြောင်း သိရပါတယ်။ ဘိလပ်မြေသယ်ဆောင်လာတဲ့ ကားပေါ်မှာ ပါလာသူတွေကို ပြန်လွှတ်ပေးခဲ့ပြီး၊ ဆီတင်လာသည့် ကားမှာ လိုင်းကားဖြစ်တာကြောင့် သိမ်းဆည်းခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

 

“ဘိလပ်မြေကတော့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေဖြစ်တဲ့ လမ်းတံတားတွေမှာ သုံးသွားမှာဖြစ်ပြီး ဆီတွေကတော့ စစ်ဘေးရှောင်ပြည်သူတွေ တဝက်နဲ့ တဝက်ကိုတော့ အဖွဲ့အတွက် ရန်ပုံငွေအတွက် ရောင်းချသွားမယ်” လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် သိမ်းဆည်းရမိခဲ့တဲ့ စာရွက်စာတမ်းတွေမှာ ဘိလပ်မြေနဲ့ သံချောင်းတွေဟာ ဆင်ချောင်းရွာ ဦးစေတီ ပြုပြင်ရန်လို့ ဖော်ပြထားပြီး ဆီပုံးတွေကတော့ ရေစကြိုမြို့မှ ရွှေနန်းတော် ပဲကြော်ဖိုပိုင်ရှင် ဦးဝင်းချိုရဲ့ ပစ္စည်းတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

ဒါပေမယ့် အဲဒီပစ္စည်းတွေဟာ ပျူစောထီးနဲ့ စစ်ကောင်စီအတွက်သာ အသုံးပြုရန် ဖြစ်ကြောင်း သတင်းရထားတာကြောင့် သိမ်းဆည်းရခြင်း ဖြစ်တယ်လို့ Southern YSO PDF ဝန်ခံက ပြောခဲ့ပါတယ်။

 

“ဖမ်းမမိခင် အရင်နှစ်ရက်လောက်ကလည်း သူ့ (ပျူခေါင်းဆောင် ကိုလင်းထင်) တပည့် တင်မိုးအိမ်ဆောက်ဖို့ ဘိလပ်မြေတွေ သံတွေ သယ်ခဲ့ပါသေးတယ်။ အဲဒီမှာပါတဲ့ မျောစာကလည်း ဘုရားစေတီ ပြုပြင်ဖို့ ဆိုပြီး သယ်ခဲ့တာ၊ တကယ်တမ်းကတော့ အိမ်ဆောက်ဖို့ပါပဲ။ အခုဖမ်းမမိခင် နှစ်ရက်လောက်က ကားတစ်ခေါက် ပို့ခဲ့ပါသေးတယ်” လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

 

Southern YSO PDF အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကလည်း ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ စစ်ကောင်စီပိုင် ခွဲတမ်းစားအုန်းဆီ ပေပါ ၅၀ (ပိဿာချိန် ၅,၅၀၀) ကို ဖမ်းဆီး သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – Southern YSO PDF

 

Related News

Depend on news