လေးလတာကာလအတွင်း နိုင်ငံရေးအကျဉ်းသား ၉ ဦးသေဆုံး

Author CJ Platform
Categories
Published on May 06, 2025

စစ်ကောင်စီရဲ့ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် ကျခံနေရသူတွေထဲ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလကုန်အထိ နိုင်ငံရေးအကျဉ်းသား ၉ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

 

အကျဉ်းထောင်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်၊ ဒိုက်ဦးအကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်၊ မြောင်းမြအကျဉ်းထောင်၊ ကသာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၉ ဦး အခုနှစ်လေးလတာကာလအတွင်း သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

“ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးရတာက အဓိက ဆေးဝါးစောင့်ရှောက်မှု လိုအပ်တာကြောင့် ဖြစ်ပါတယ်။ ဆေးဝါးစောင့်ရှောက်မှု မပေးတာတွေ ဆေးပေးတဲ့နေရာမှာ ရက်လွန်ဆေးတွေ ပေးတာကြောင့်လည်း သေဆုံးခဲ့ရပါတယ် “ လို့ PPNM ရဲ့ တာဝန်ရှိသူ ဒေါ်ခင်ရောင်နီလင်း က CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် အကျဉ်းထောင်အတွင်း သေဆုံးခဲ့သူတွေထဲ အသက် ၂၀ ကျော်လူငယ်တွေပါ ပါဝင်နေတာဟာ ဆုံးရှုံးမှုတရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

လေးလတာကာလအတွင်း သေဆုံးခဲ့သူ ၈ ဦးနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က သေဆုံးခဲ့သူတစ်ဦးကိုပါ ထည့်သွင်းထားတာဖြစ်ပြီး ကနဦးစုံစမ်းမှုအရ ဇန်နဝါရီ ပထမ အပါတ်အတွင်း သေဆုံးခဲ့တာလို့ သိရတာကြောင့် လေးလတာကာလအတွင်း ၉ဦးသေဆုံးခဲ့ကြောင်း ထည့်သွင်းထားတာဖြစ်တယ်လို့ PPNM ကပြောပါတယ်။

 

အဲဒီသေဆုံးခဲ့သူဟာ မြောင်းမြအကျဉ်းထောင်ကနေ အစာအိမ်ရောင်ရောဂါနဲ့ သေဆုံးခဲ့တဲ့ ကိုကျော်ဇင်လတ် ဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ပါရှိတဲ့အပြင် ဒိုက်ဦးအကျဉ်းထောင်က ကိုမိုးကျော် ကတော့ ဒီနှစ်ထဲ သေဆုံးတယ်သာ စုံစမ်းသိရှိရပြီး ရက်စွဲအတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

 

ယခုနှစ် ဇန်နဝါရီလ အတွင်းမှာတော့ သာယာဝတီအကျဉ်းထောင်က ကိုသူရအောင် (ကုလားကြီး) အသက် ၃၂ နှစ်၊ ဒိုက်ဦးအကျဉ်းထောင်က ကိုမျိုးမင်းဦး အသက် ၂၇ နှစ်တို့ ဖြစ်ကြပြီး ဖေဖော်ဝါရီလအတွင်းမှာတော့ မန္တလေးအိုးဘို အကျဉ်းထောင်က ဒေါ်စန်းရီ (ဒေါ်ကုလားမ) အသက် ၆၅ နှစ်နဲ့ ကိုအောင်ထွန်း အသက် ၂၈ နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မတ်လအတွင်းသေဆုံးခဲ့သူ နှစ်ဦးမှာ မန္တလေးအိုးဘိုအကျဉ်းထောင်က ကိုသီဟ အသက် ၄၅ နှစ်နဲ့ ဦးလူအောင် အသက် ၅၉ နှစ်တို့ဖြစ်ပြီး ကသာအကျဉ်း‌ထောင်ကနေ ကသာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမဲ့ ပို့ဆောင်ချိန်နောက်ကျတာကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က သေဆုံးသွားခဲ့တဲ့ ကိုဟိန်းမင်းသူ အသက် ၃၃ နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိအ‌ချိန်အထိ အကျဉ်ထောင်တွေအတွင်း လုံလောက်တဲ့ဆေးဝါးကုသမှု မရရှိတဲ့အပြင် နိုင်ငံရေးအကျဉ်းသားတွေ အနေနဲ့ အခြားလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို များစွာ ကြုံတွေ့ခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – PPNM