အမေရိကန်က ကော်နယ်လ်တက္ကသိုလ်မှာ ရန်ပုံငွေ ဖြတ်တောက်ခဲ့ခြင်းအတွက် ဂါဇာစာတန်း ချိတ်ဆွဲ ဆန္ဒပြ

Author CJ Platform
Categories
Published on May 06, 2025

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် အိုင်တာကာမြို့က ကော်နယ်လ်တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသားတချို့က တက္ကသိုလ်ဝင်းအတွင်းက မက်ဂရော် မျှော်စင် (McGraw Tower) ထိပ်မှာ ဂါဇာ ဆိုတဲ့စာသားကို အနီရောင်နဲ့ ရေးထားတဲ့ ၉ မီတာကျော် (ပေ ၃၀ ကျော်) ရှည်လျားတဲ့ နဖူးစည်း စာတန်း ချိတ်ဆွဲပြီး ယမန်နေ့ မေလ ၅ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အဆိုပါ ဆန္ဒပြမှုဟာ ထရမ့်အစိုးရရဲ့ ကော်နယ်လ်တက္ကသိုလ်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်တာ တစ်ဘီလီယံကျော် ဖြတ်တောက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

 

ဒါ့အပြင် ဆန္ဒဖော်ထုတ်မှုဟာ အမေရိကန်အစိုးရဘက်က တက္ကသိုလ်ဘက်ကို ပါလက်စတိုင်းကို ထောက်ခံတဲ့ အစ္စရေး စစ်ပွဲဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့ ဖိအားပေးမှုတွေနဲ့လည်း ဆက်စပ်နေတယ်လို့လည်း သိရပါတယ်။

 

ကော်နယ်လ်တက္ကသိုလ်ဟာ ပါလက်စတိုင်းကို ထောက်ခံအားပေးတဲ့ အဆိုတော် ခီလာနီ (Khelani) ရဲ့ ဖျော်ဖြေရေး အစီအစဉ်ကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။ ဒါ့ပြင် အရင်က ဆန္ဒပြမှုတွေမှာ ပါဝင်တဲ့ ကျောင်းသားတွေကိုလည်း တက္ကသိုလ်အာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် အရေးယူမှုတွေလည်း ရှိခဲ့ပါတယ်။

 

အရေးယူခံရတဲ့ ကျောင်းသားတွေထဲမှာ PhD ကျောင်းသား မိုမိုဒိုးတဲလ် (Momodou Taal) လည်း အပါအဝင် ဖြစ်ပြီး သူ့ရဲ့ ကျောင်းသား ဗီဇာကို အစိုးရဘက်က ရုတ်သိမ်းခဲ့တာကြောင့် အမေရကိန်ကန် နိုင်ငံကနေ ထွက်ခွာသွားခဲ့ရတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ကော်နယ်လ် တက္ကသိုလ် တာဝန်ရှိသူတွေက ယမန်နေ့က စာတန်းချိတ်ဆွဲမှုနှင့်ပတ်သက်ပြီး  တုံ့ပြန်မှုတစ်စုံတစ်ရာ မလုပ်သေးပေမယ့် ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ဆက်လက်အရေးယူမှုတွေ ရှိနိုင်တယ်လို့ သိရပါတယ်။

 

ကိုးကား- Al Jazeera

 

ဓာတ်ပုံ- Heather Ainsworth/AP Photo

 

Related News

Depend on news