ထိုင်းနိုင်ငံခရီးစဉ် မသွားခင် အပစ်ရပ်တယ် ပြောဖူးတဲ့ စစ်ခေါင်းဆောင်က ရုရှားကို သွားကာနီးမှာလည်း အပစ်ရပ်တယ်လို့ ထပ်ကြေညာ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မေလ ၉ ရက်နေ့မှာ ပြုလုပ်မယ့် မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ အခမ်းအနားအတွက် ရုရှားနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်မတိုင်ခင်မှာပဲ မေလ ၆ ရက်နေ့ကနေ မေလကုန် အထိ ယာယီအပစ်ရပ်စဲတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ မေလ ၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဆိုပြီး မေလ ၆ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့် လိုက်တယ်လို့ ယာယီပစ်ခတ်မှုရပ်စဲကြောင်း ကြေညာထားပြီး နိုင်ငံတဝန်းမှာ ကြည်း၊ ရေ၊ လေ တပ်တွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်တဲ့ စစ်ကောင်စီက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးအထိ ရှိတဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်သွားပြီးနောက် မတ်လ ၂၉ ရက်နေ့မှာပဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့က အပစ်ရပ်တယ်လို့ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ဘင်္ဂလားပင်လယ်အော် ဒေသဆိုင်ရာ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ရဲ့ ခြောက်ကြိမ်မြောက် အစည်းအဝေးကိုသွားရောက်မယ့် ခရီးစဉ်မတိုင်ခင် ဧပြီ ၂ ရက်နေ့မှပဲ ငလျင်ကြောင့် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ဧပြီ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ယာယီ အပစ်အခတ်ရပ်စဲတယ်လို့ ကြေညာခဲ့တာပါ။
ဧပြီ ၂၂ ရက်နေ့နောက်ပိုင်းမှာလည်း ဧပြီ ၂၂ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု သက်တမ်းကို ထပ်မံတိုးမြှင့်ခဲ့ပေမဲ့ နိုင်ငံတဝန်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။
ဧပြီ ၂ ရက်နေ့ အပစ်ရပ်ကြောင်း မကြေညာခင် ဧပြီလ ၁ ရက်နေ့မှာ နေပြည်တော်မှာကျင်းပတဲ့ အလှူငွေပေးအပ်ပွဲမှာ အပစ်ရပ်ထားကြတဲ့ EAOs၊ PDF နဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီအနေနဲ့ အပစ်ရပ်ထားမှာမဟုတ်ဘဲ ဆက်လက် တိုက်ခိုက်သွားမှာဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောခဲ့ပါသေးတယ်။
ဒါ့အပြင် တရုတ်နိုင်ငံကြက်ခြေနီအသင်းက ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်း(၉)စီးကိုလည်း အဲဒီနေ့ ညနေမှာပဲ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ တရုတ်နိုင်ငံကြက်ခြေနီအသင်းက ယာဉ်တန်းနောက်ပြန်လှည့်ခဲ့ရပါတယ်။
စစ်ကောင်စီရဲ့ နောက်ကျမှ ထုတ်ပြန်လာတဲ့ ယာယီအပစ်ခတ်ရပ်စဲမှုက ချွင်းချက်များစွာ ပါဝင်နေလို့ ဝေဖန်မှုတွေ မြင့်တက်ခဲ့သလို တကယ့်မြေပြင် အခြေအနေမှာလည်း အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကာ နိုင်ငံတဝန်းမှာ လေကြောင်း၊ လက်နက်ကြီးများအပြင် မြေပြင် ထိုးစစ်ဆင်ခြင်းများကိုပါ ပြုလုပ်နေတာကို ဒေသတွင်း သတင်းဌာနတွေကလည်း ဖော်ပြထားပါတယ်။
ငလျင်လှုပ်ခတ်ပြီးတဲ့နောက် စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၂၈ ရက်နေ့အထိ တစ်လတာအတွင်း နိုင်ငံတဝန်း လေကြောင်းကနေ တိုက်ခိုက်မှုပေါင်း (၄၅၉) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာကိုလည်းတွေ့ရပြီး လူပေါင်း (၂၃၆) ဦးသေဆုံးကာ (၄၁၉) ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အဆိုပါ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေထဲ အချို့တိုက်ခိုက်မှုတွေမှာ စာရင်းအတိအကျ မရနိုင်တာကြောင့် တကယ့်မြေပြင် အခြေအနေက လက်ရှိ ဖော်ပြထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေထက် ပိုများနိုင်ပါတယ်။
စစ်ကောင်စီဟာ နှစ်ပေါင်း (၁၈၆)နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ ငလျင်ဘေးကို ဂရုမထားဘဲ ငလျင်ကို အကြောင်းပြုကာ နိုင်ငံတကာဝင်ဆံ့မှုကိုသာ ဦးတည်လှုပ်ရှားနေခဲ့ပြီး နိုင်ငံတကာမှာ အမည်ရရေးအတွက် အပစ်ရပ်တယ်လို့ အကြောင်းပြုထားပေမဲ့ လေကြောင်းတိုက်ခိုက်တာတွေအပြင် ပြည်သူကို ခြိမ်းခြောက်ဦးတည်တဲ့ စစ်ရေးလှုပ်ရှားမှုကိုသာ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်ဆိုတာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အရ ထင်ရှားစွာ မြင်နေရပါတယ်။