ချောက်မြို့နယ်ရှိ ရေနံလက်ယက်တွင်းများ၌ ပျူစောထီးများ ချယ်လှယ်စိုးမိုးနေ

Author လင်းခိုင်
Categories
Published on Oct 17, 2022

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ ရေနံလက်ယက်တွင်းများ(လမ်းရွာရေနံမြေ တဝိုက်)၌ ပျူစောထီးများ ချယ်လှယ်စိုးမိုးနေကြောင်း Citizen Action for Transparency မှ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းကပြောကြားသည်။

“လမ်းရွာ ရေနံတွင်းနားက လက်ယက်တွင်းတွေမှာ ယခုနှစ် နှစ်လပိုင်းထဲကနေပြီးတော့ စစ်ကောင်စီက ပျူတွေကို လက်နက်ထုတ်ပေးတယ် တစ်ရွာကို လက်နက်၊ အသေးအကြီး ရှစ်ခုစီထုတ်ပေးထားတယ်။ သူတို့က တရား၀င်သလိုလိုနဲ့ ရွာတွေမှာ အခိုင်အမာ ကင်းတဲဆောက်ပြီး တာ၀န်ယူစီမံနေကြတယ်” ဟု ဒေါ်မိုးမိုးထွန်းကပြောကြားသည်။

Citizen Action for Transparency ၏ မြေပြင်ကွင်းဆင်း တွေ့ရှိချက်အရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေနံလက်ယက်တွင်း မှော်တစ်ခုသည် စစ်ကောင်စီလက်ဝေခံ အဖွဲ့အစည်း ပျူစောထီးအဖွဲ့၏ ကာကွယ်ပေးမှုအောက်တွင် လုပ်ကိုင်နေပြီး ထိုရေနံမှော်ကို ပျူစောထီးများက ဦးဆောင်နေသည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ညံ့ဖျင်းသော စီမံအုပ်ချုပ်မှုများကြောင့် ပြည်တွင်းတွင် ဒေါ်လာစျေးအဆမတန်မြင့်တက်ပြီး ဒေါ်လာရှားပါးမှုဖြစ်စဉ် နောက်ဆက်တွဲဆိုကျိုးအနေဖြင့် စက်သုံးဆီနှင့် လောင်စာဆီစျေးနှုန်းသည် အဆမတန်မြင့်မားလာကြောင်း၊ ထိုပြသနာကို ဖြေရှင်းနိုင်စွမ်းမရှိသည့် စစ်ကောင်စီသည် နိုင်ငံအတွင်းရှိ ကုန်းတွင်းရေနံမြေများမှ ရေနံစိမ်းများကို တိုးမြှင့်် ထုတ်လုပ်ရန်နှင့် ရပ်နားထားသော ရေနံချက်စက်ရုံများကို တိုးချဲ့ လည်ပတ်နိုင်ရန် ကြိုးစားနေသည်ဟု အကြမ်းဖက် စစ်ကောင်စီတပ်သည် ရေနံလက်ယက်တွင်းများမှ ဆက်ကြေးတောင်းခံမှု၊ စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ပြည်သူ့စစ်နှင့် ပျူစောထီးများ၏ ငွေကြေးကောက်ခံမှုများကို စောင့်ကြည့်ထားသင့် ကြောင်း Citizen Action for Transparency က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ရေနံလက်ယက်တွင်း တူးဖော်လုပ်ကိုင်သူများထံမှ ဆက်ကြေးကောက်ခံမှုများပြုလုပ်ခဲ့ပြီး၊ မကွေးတိုင်း မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ရှိ ဆက်ကြေးမပေးသော ရေနံလက်ယက်တွင်းများကို ယခုနှစ် ဇန်နဝါလတွင် မီးရှို့ဖျက်ဆီးခြင်းများရှိခဲ့ကြောင်း Citizen Action for Transparency က စက်တင်ဘာ လတွင် ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် ရေနံလက်ယက်တွင်းများမှ ဆက်ကြေးတောင်းခံမှု၊ စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ပြည်သူ့စစ်နှင့် ပျူစောထီးများ၏ ငွေကြေးကောက်ခံမှုများကို စောင့်ကြည့်ထားသင့် ကြောင်း Citizen Action for Transparency က ထောက်ပြထားသည်။

စစ်ကောင်စီ အုပ်ချုပ်နေသည့် ကာလဖြစ်သည့်အတွက် တရား၀င်လိုင်စင်လျှောက်ထားခြင်းမရှိဘဲ တူးဖော်နေကြခြင်း၊ မည်သည့်အခွန်နှင့် ဆက်ကြေးမျှ မပေးဆောင်ရခြင်းများသည် ရေနံလက်ယက်တွင်း တူးဖော်နေသူများအတွက် ကောင်းကျိုးဖြစ်ပေါ်နေပြီး၊ နောင်တစ်ချိန် ပြည်သူများ တရား၀င်ရွေးကောက်တင်မြှောက်သည့် ဒီမိုကရေစီအစိုးရလက်ထက်တွင် အစိုးရနှင့် ဒေသခံပြည်သူများ နှစ်ဦးနှစ်ဖက်အကျိုးရှိသော သယံဇာတ တူးဖော်မှုဖြစ်စေရန် ဆောင်ရွက်ပြုပြင်သင့်သည်ဟု Citizen Action for Transparency ကအကြံပြုထားသည်။