စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဘုရားတည်နိုင်ဖို့ ပြည်သူတွေဆီက အဓမ္မအလှူခံ

Author CJ Platform
Categories
Published on Mar 01, 2025

မကွေးတိုင်း ချောက်မြို့နယ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရဲ့ စွယ်တော်မြတ်စေတီ တည်နိုင်ဖို့အတွက် ပြည်သူတွေဆီကနေ ဒီနှစ်စပိုင်းကတည်းက အလှူငွေ အဓမ္မကောက်ခံ နေတယ်လို့ ဒေသခံတစ်ဦး ပြောပြချက်အရ သိရပါတယ်။

 

ချောက်မြို့ရဲ့ အမှတ် ၅ ရပ်ကွက် ညောင်ဖြူပင်ကွင်းမှာ  အပူရှောင်စခန်းနဲ့ တွဲလျှက် ဧက ၂၀ ကျော် တည်ဆောက်မှာဖြစ်ပြီး စေတီအတွက် စစ်ကောင်စီတပ်ဝန်းကလွဲပြီး ကျန်တဲ့ဌာနဆိုင်ရာများအားလုံး ကို အလှူငွေဖြတ်ပိုင်းများပေးပို့ကာ တိုင်းအစိုးရ အစီအစဉ်နဲ့ အဓမ္မကောက်ခံခိုင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

“ ဌာနဆိုင်ရာရုံးတွေသွားလည်း ဘုရားကြီးအတွက် အလှူငွေဆိုပြီး အနည်းဆုံး ငါးထောင်လောက်က စထည့်ရတာ။ ဈေးထဲတွေမှာလည်း လိုက်ကောက်တယ်။ အိမ်မှာသက်သက် ဈေးမှာသက်သက် ရောက်လေရာမှာကိုကောက်တာ” လို့ အဲဒီအကြောင်း သိရှိထားသူဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အလှူငွေကောက်ခံရာမှာလည်း အမည် နေရပ် တွေချက်ချင်းရေးပြီး အလှူငွေ ဘယ်လောက်လဲ ဟုဆိုကာ အတင်းအဓမ္မကောက်ခံနေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

 

မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီထိန်းချုပ်ထားရာ မြို့နယ်တွေအားလုံးက ရဲစခန်း၊ ဘဏ် စတဲ့ ဌာနဆိုင်ရာရုံးတွေအပြင် အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် အိမ်တိုင်း လစဉ် အလှူငွေထည့်ဝင်ဖို့ ညွန်ကြားချက်ရှိထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်နဲ့ အမြင့် ၈၁ ပေရှိ စွယ်တော်မြတ်စေတီ တည်ထားနိုင်ဖို့အတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ တစ်ခုစီနဲ့ ကော်မတီငယ် ငါးခုဖွဲ့စည်းထားတယ်လို့သိရပါတယ်။

 

“အလှူငွေရရှိရေးအတွက် တိုင်းအတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်/မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲများ၊ ပြည်သူများအားလုံးအနေနဲ့ လစဉ်စုပေါင်းထည့်ဝင်လှူဒါန်းနိုင်ဖို့ နှိုးဆော်ဆောင်ရွက်နေတဲ့ အပြင် ခရိုင်/ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲများအနေနဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများရှိ ပြည်သူများ အလှူငွေထည့်ဝင်လှူဒါန်းနိုင်ဖို့ အသိပေးဆောင်ရွက်နေတယ်” လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးမြို့ မြို့တော်ခန်းမမှာ ပြီးခဲ့ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။

 

အဲဒီစေတီတည်ထားနိုင်ဖို့အတွက် တိုင်းအစိုးရအနေနဲ့ ကျပ်ငွေ ၁ ဒသမ ၅ ဘီလီယံ ထည့်ဝင်လှူဒါန်းသွားမယ်လို့ ဆိုထားပြီး မြို့တော်ခန်းမမှာကျင်းပတဲ့ ပထမ အကြိမ်အလှူငွေပေးအပ်ပွဲ အဖြစ် အလှူငွေ သိန်း တစ်သောင်း တစ်ထောင်ကျော်ကိုလည်း စစ်ကောင်စီ မကွေးဝန်ကြီးချုပ်က လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

 

လက်ရှိစေတီတည်မယ့်နေရာမှာ မြေပြုပြင်ခြင်း၊ လျှပ်စစ်မီးနဲ့ ရေရယူနိုင်ဖို့ လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

ရုံးလုပ်ငန်းဆိုင်ရာလုပ်ငန်းတွေ လာရောက်လုပ်ဆောင်ပါက ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ဘုရားတည်ဖို့အတွက် အဓမ္မ အလှူငွေထည့်ဝင်ခိုင်းနေပြီး အုပ်ချုပ်ရေးမှူးတွေကလည်း စစ်မှုထမ်းငွေ ကောက်ခံနေသလို လစဉ် အလှူငွေကောက်ခံသွားမှာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်