စစ်မှုထမ်းဥပဒေဖြင့် စစ်ထဲအတင်းသွင်းနေချိန် လူငယ်များစာများများဖတ်ရန်တိုက်တွန်းလိုက်ပြန်သည့် စစ်ခေါင်းဆောင်

Author ကိုထားဝယ်
Categories
Published on Apr 04, 2024

စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်ထဲအတင်းအဓမ္မထည့်သွင်းနေစဉ် စာများများဖတ်ရန် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုလိုက်ပြန်သည်။

 

ယမန်နေ့ ဧပြီ ၃ ရက်က နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ကျင်းပသည့် တစ်နိုင်ငံလုံး(စစ်ကောင်စီထိန်းချုပ်ထားသည့်ဒေသများ)ရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/တပ်ရင်းတပ်ဖွဲ့စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် စစ်ခေါင်းဆောင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

စာဖတ်ရန်မတိုက်တွန်းမီ တစ်နိုင်ငံလုံးက လူငယ်များကို စစ်ထဲထည့်ရန် အမိန့်ပေးနေသည့် နှုတ်မှနေ၍ စာပေအပေါ်ထားသည့် ၎င်း၏ စာပေဒဿနကို ဦးစွာယခုကဲ့သို့ ဖွင့်ဟသည်။

 

“ဘဝအတွက် စာဖတ်ရန်လိုအပ်တဲ့ စကားတစ်ခုမှတ်သားမိရာမှာ စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူသည်။ စာတတ်ပြီး စာမဖတ်သည့်သူမှာ ရပ်နေသည့်လူနှင့်တူသည်။ စာတတ်ပြီး စာလည်းဖတ်သည့်သူမှာ လမ်းလျှောက်နေသည့် သူနှင့်တူသည်” ဟု ဆိုသည်။

 

ထို့ကြောင့် လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြရန် တိုက်တွန်းအားပေးရမည်ဖြစ်သကဲ့သို့ စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

 

ထို့နောက် ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်သင်တန်း ၂ နှစ်မှ ၅ နှစ်အထိတက်ရောက်ရမည့် စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် စစ်ခေါင်းဆောင်၏ လက်အောက်ငယ်သားများက လူငယ်များကို စစ်ထဲထည့်ပြီး ရှေ့တန်းပို့ရန် အိမ်ထဲအထိ ဝင်ဆွဲနေချိန် “လူငယ်များက နိုင်ငံရဲ့ အနာဂတ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သေးသည်။

 

ယခုကဲ့သို့ စစ်ခေါင်းဆောင်က နေပြည်တော်တွင် စာအုပ်လှူဒါန်းပွဲအခမ်းအနား အေးဆေးတက်နေချိန် ရခိုင်ပြည် ဘူးသီးတောင်မြို့နယ် စကခ ၁၅ လက်အောက်ခံ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာအပါအဝင် ယင်းပတ်ဝန်းကျင်ရှိ စခန်းအချို့နှင့် မောင်တော၊ ကြိမ်ချောင်းနယ်ခြားစောင့်စခန်း၊ မြေပုံမြိုနယ်၊ စညှင်းကျေးရွာအရှေ့ဘက်မီတာ(၁၅၀ဝ)ခန့်အကွာရှိ စစ်ကောင်စီ၏ ပွိင့်(၂၅၇)စခန်းတို့ကို ရက္ခိုင့်တပ်တော် AA က အပြင်းအထန်ဝင်တိုက်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံတပ်သားများ အသည်းအသန်ခုခံနေကြရသည်။

 

ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာကြည့်တိုက်အခမ်းအနားဖြစ်သည့်အားလျော်စွာ လျော့နည်းသွားသည့် စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်မည်ဟုဆိုသကဲ့သို့ ထိုသို့ လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ တစ်ခုတည်းမရဘဲ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ အစိုးရမဟုတ်သည့် NGOs များကပါ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောဆိုသည်။

 

စစ်ကောင်စီလေတပ်၏ နိုင်ငံပတ်ဗုံးကြဲနေမှုကြောင့် ကျေးလက်နေပြည်သူများ အသက်နှင့် ခန္ဓာဆက်လက်တည်မြဲရေး နေရပ်စွန့်ခွာတိမ်းရှောင်နေကြရချိန် ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်း စာအုပ်စာပေဖတ်ရှုရန်နှင့် စာအုပ်စာစောင်များ လက်လှမ်းတမီထားရှိရန် စာကြည့်တိုက်များကို အားကိုးအားထားပြုကြရမည်ဟု ဆိုခဲ့သည်။

 

လက်ရှိ နိုင်ငံတဝန်း ခရိုင်နှင့် မြို့နယ်အဆင့် စာကြည့်တိုက်ပေါင်း ၄၁၀ ကို ပြန်ကြားရေးဝန်ကြီးဌာနက စစ်ကောင်စီ အထောက်အပံ့ဖြင့် ဖွင့်လှစ်ထားသည့်အပြင် ပုဂ္ဂလိက စာကြည့်တိုက် ၃၅၀၀ ကျော်ရှိသည်ဟု စစ်ခေါင်းဆောင် အမှာစကားအတွင်း ထည့်သွင်းပြောကြားချက်အရ သိရသည်။

 

ထို့ပြင် သုတရသစာအုပ်များ ပြန်လည်ပုံနှိပ်ထုတ်ဝေရန်လည်း စစ်ကောင်စီ ခေါင်းဆောင်က တိုက်တွန်းပြောကြားခဲ့သေးသည်။ စစ်ကောင်စီက လူထုသိပ္ပံကျမ်း အတွဲ ၁၊ ၂၊ ၃ ကို ဒုတိယအကြိမ်ထပ်မံထုတ်ဝေထားသည့်အပြင် အတွဲ ၄၊ ၅ ကိုလည်း ထပ်မံထုတ်ဝေရန် စစ်ခေါင်းဆောင်က စီစဉ်နေသည်ဟု ဆိုသည်။

 

ထိုသို့ စာအုပ်ထုတ်ဝေရန်၊ စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ရန်၊ လူငယ်များကို စာဖတ်ရန် စစ်ခေါင်းဆောင်က ပြောနေသော်လည်း အာဏာသိမ်းပြီးချိန်မှ ဧပြီ ၃ ရက်အထိ ၁၁၅၈ ရက်အတွင်း အရပ်သားပြည်သူ ၄၈၃၀ ဦးအထိ စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ – pro-SCA