မှတ်ပုံတင်လုပ်ပေးပြီး ပေါ်တာဆွဲတဲ့ စစ်အုပ်စုရဲ့ ‘ရက် ၁၀၀ စီမံချက်’ ကြောင့် စစ်ကိုင်းမြို့ခံတွေ ထိတ်လန့်နေ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေမှာ စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာတွေက ရက် ၁၀၀ စီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) တွေ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဟာ စစ်မှုထမ်းဖို့အတွက် လူငယ်စာရင်းပြုစုခြင်းသာဖြစ်ကြောင်း မြို့ခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက စစ်အုပ်စုလက်အောက်ခံတွေဟာ စစ်ကိုင်းမြို့ပေါ်က အသက် ၁၀ နှစ်နဲ့ ၁၈ နှစ်ပြည့်သူတွေကို မှတ်ပုံတင်တွေ လုပ်ဆောင်ပေးပြီးတဲ့နောက် ဒီကနေ့ မေလ ၆ ရက်မှာ ရပ်ကွက်အချို့မှာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က စစ်မှုထမ်းရန် အသက်အရွယ်ပြည့်သူ အမည်စာရင်းတွေကို ကပ်ထားပြီး ပုံစံ (၂) ဖောင်တွေ ထုတ်ယူဖို့ ဆင့်ခေါ်မှုတွေ ရှိနေပါတယ်။
“ဒါကြောင့် လဝကက မှတ်ပုံတင်တွေ လိုက်လုပ်ပေးနေတာ ဖြစ်မယ်။ အခု စစ်မှုထမ်းစာရင်းတွေကပ်ပြီး ဆင့်ခေါ်နေပြီ။ စာရင်းထဲမှာလည်း လူတိုင်းပါတယ်” လို့ မြို့ခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
လက်ရှိမှာ ရပ်ကွက်အချို့မှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူတွေအနေနဲ့ စစ်မှုထမ်းရန် အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်း ဆင့်ခေါ်စာ ပုံစံ (၂) စာရွက်တွေကို သတ်မှတ်နေရာတွေမှာ မပျက်မကွက် လာရောက်ထုတ်ယူရန် အသိပေးစာတွေ ကပ်ထားတယ်လို့ သိရပါတယ်။
ဒီကနေ့ ထုတ်ပြန်တဲ့ စာရင်းတွေမှာ ခရီးလွန်နေသူ၊ ဝန်ထမ်းနဲ့ ကျန်းမာရေးမကောင်းသူတွေ ရှိပါက လာရောက်အကြောင်းကြားဖို့ကိုလည်း ပါရှိတယ်လို့ သိရပါတယ်။
“ပေါ်တာလည်းဆွဲ၊ ဆင့်ခေါ်တာကလည်း နာမည်စာရင်းနဲ့ ခေါ်နေတာ။ ဗလာမပါ ကံစမ်းမဲလိုပဲ။ ကျွန်တော်တို့ နန္ဒဝန်ရပ်ကွက်ဘက်မှာဆို စာရင်းက ၄၈၃ ယောက်လောက်ပါတယ်” လို့ စာရင်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ နန္ဒဝန်ရပ်ကွက်က ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
အဲဒီလို ထုတ်ပြန်တဲ့ စာရင်းတွေထဲမှာတော့ စစ်အုပ်စုရဲ့ ရပ်ကွက်အုပ်ချုပ်ရေးအသိုင်းအဝိုင်းက မိသားစုဝင်တွေ ပါဝင်ခြင်း မရှိဘူးလို့လည်း ဆက်လက်ပြောပါတယ်။
မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က စာရင်းတွေ ထုတ်ပြန်ကာ ဆင့်ခေါ်နေတဲ့အပြင် မြို့ပေါ်လမ်းမတွေနဲ့ ရပ်ကွက်အချို့မှာလည်း စစ်အုပ်စုတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုပါ တစ်ပြိုင်နက် လုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။
ဒီကနေ့ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မသိရသေးဘူးလို့ ဆိုပါတယ်။ စစ်ကိုင်းမြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်မှ ၂၂ ရက်အထိ ၃ ရက်တာအတွင်းမှာလည်း လူငယ် ၂၀၀ ခန့် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ဓာတ်ပုံ – ပေးပို့
