အာဏာသိမ်းစစ်တပ်က လူငယ်သင်တန်းကျောင်း ၁၂ ကျောင်းဖွင့်၊ မိဘတွေ စိတ်ပူ
အာဏာသိမ်းစစ်တပ်က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီနဲ့ ပဲခူးအပါအဝင် မြို့နယ်ပေါင်း ၁၂ မြို့နယ်မှာ လူငယ်သင်တန်းကျောင်းတွေ ဖွင့်လာတာကြောင့် မိဘတွေ စိတ်ပူနေကြပါတယ်။
အသက် ၁၅ နှစ်ကနေ အသက် ၁၉ နှစ်အတွင်းမှာရှိတဲ့ Grade 9၊ Grade 10၊ Grade 11 နဲ့ Grade 12 ကျောင်းသားတွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး ကျောင်းပြီးပါက မိမိသဘောဆန္ဒအရ စစ်မှုထမ်းလို့ရတယ်ဆိုတဲ့ ကြေညာချက်ကြောင့် စိတ်ပူတာလို့ ကျောင်းသားမိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရန်ကုန်မှာ လူငယ်တွေကို ဒီအတိုင်းတောင် ပေါ်တာဆွဲနေတာ။ အခုလို လူငယ်သင်တန်းကျောင်းတွေ ဖွင့်လာတော့ ကျောင်းသားတွေကို စုဆောင်းရေးတပ်တွေက စည်းရုံးပြီး သင်တန်းကျောင်းပို့မှာ စိုးရိမ်တယ်။ ဒီနှစ် ကျောင်းတက်ရာသီမှာ ကလေးတွေကို ကိုယ်တိုင် ကျောင်းကြိုပို့လုပ်ဖို့ စဉ်းစားထားတယ်” လို့ ပြောပါတယ်။
လူငယ်သင်တန်းကျောင်းတွေမှာ တက်မယ့် ကျောင်းသားတွေကို အတန်းလိုက် စစ်ကောင်စီက တပ်သားတစ်ဦးရဲ့ လစာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ပေးသွားမှာဖြစ်လို့ ဒါဟာ ကျောင်းသားအရွယ်ကလေးတွေကို တစ်ဖက်လှည့်နဲ့ စစ်မှုထမ်းခိုင်းတာလို့ ကျောင်းသားမိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကလေးတွေကို စုဆောင်းရေးတပ်က အဲဒီကျောင်း ပို့လိုက်ရင်တောင် တိုင်လို့မရအောင် လုပ်ထားတာ။ ၉ တန်းနဲ့ ၁၀ တန်းဆို တပ်သားတစ်ဦးရဲ့ လစာ ၃၀ ရာခိုင်နှုန်း၊ ၁၁ တန်းဆို ၄၀ ရာခိုင်နှုန်း၊ ၁၂ တန်း ၅၀ ရာခိုင်နှုန်း ကျောင်းတက်နေတဲ့ ကလေးတွေကို မက်လုံးပေးပြီး စစ်သင်တန်းက ခေါ်သလိုဖြစ်နေတယ်” လို့ ရှင်းပြပါတယ်။
အဆိုပါကျောင်း ၁၂ ကျောင်းအတွက် ပညာရေးနည်းပြများကို မေလ ၅ ရက်မှာ စစ်ကောင်စီက စာထုတ်ခေါ်ယူခဲ့ပြီး ရာထူးကိုတော့ တပ်ကြပ်ကြီးကနေ အရာခံဗိုလ်အဆင့်အထိ ပေးထားတယ်လို့ ပညာရေးဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“၁ ရက်နေ့ကတည်းက စစ်တပ်က ပညာရေးနည်းပြတွေ စခေါ်တာ။ သူတို့ခေါ်တဲ့ပုံစံက စစ်သည်အစမ်းခန့် စာချုပ်နဲ့ ခေါ်တာ။ အဆင့်က တပ်ကြပ်ကြီးကနေ အရာခံဗိုလ်အထိ။ ပညာရေးဘက်ကတော့ မလုပ်ဘူး၊ တပ်မိသားစုဝင်တွေတော့ လျှောက်မှာပေါ့” လို့ ပြောပါတယ်။
လူငယ်သင်တန်းကျောင်းတွေကို ကနဦးက ရန်ကုန်နဲ့ နေပြည်တော်မှာ အမှတ် ၁၊ အမှတ် ၂ သင်တန်းကျောင်းကို ဖွင့်ဖို့ စီစဉ်ခဲ့ပေမယ့် မေလ ၃ ရက်မှာ တောင်ငူ၊ မိတ္တီလာ၊ မြိတ်၊ အောင်ပန်း၊ ပုသိမ်၊ မော်လမြိုင်၊ မြစ်ကြီးနား၊ စစ်တွေ၊ လားရှိုး၊ မုံရွာနဲ့ ကျိုင်းတုံမြို့မှာ အမှတ် ၃ ကနေ အမှတ် ၁၂ အထိ ထပ်တိုးဖွင့်ခဲ့တာ ဖြစ်ပါတယ်။
တပ်ချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဧပြီလ ၉ ရက်က လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊ စစ်သည်တွေ၊ အငြိမ်းစားအရာရှိ၊ စစ်သည်နဲ့ ကျဆုံးသွားတဲ့ အရာရှိ၊ စစ်သည်များရဲ့ သားသမီးတွေအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ လူငယ်ပညာရေးသင်တန်းကျောင်းကို ဖွင့်လှစ်ဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
