မယ်သီလရှင်ဝတ်စုံ သရုပ်ဖော်မှုကြောင့် ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရတဲ့ Miss Grand Myanmar ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
Miss Grand Myanmar ပြိုင်ပွဲအတွင်း တာချီလိတ်အလှမယ်ရဲ့ မယ်သီလရှင်ဝတ်စုံ သရုပ်ဖော်မှုအပေါ် ဝေဖန်မှုတွေ ပြင်းထန်နေချိန် Miss Grand Myanmar 2026 ပြိုင်ပွဲရဲ့ နောက်ဆုံးပြိုင်ပွဲနှစ်ခုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း Miss Grand Myanmar Organization က ဒီကနေ့ မေလ ၆ ရက်မှာ ကြေညာပါတယ်။
ရွှေ့ဆိုင်းလိုက်တဲ့ ပွဲစဉ်တွေဟာ မေလ ၇ ရက်မှာ ကျင်းပမယ့် အကြိုပြိုင်ပွဲ (Preliminary Competition) နဲ့ မေလ ၉ ရက်မှာ ကျင်းပမယ့် နောက်ဆုံးပြိုင်ပွဲတို့ဖြစ်ပြီး ဘယ်နေ့မှာ ပြန်လည်ကျင်းပမလဲဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
“လက်တလောဖြစ်ပေါ်နေသော ကိစ္စရပ်များကြောင့် Miss Grand Myanmar ပွဲ၏ ကျင်းပရန် ကျန်ရှိသော Preliminary Competition နှင့် Grand Final ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ကြေညာအပ်ပါသည်” လို့ Miss Grand Myanmar Organization ရဲ့ တရားဝင် လူမှုစာမျက်နှာမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်က ကျင်းပတဲ့ အမျိုးသားဝတ်စုံပြိုင်ပွဲမှာ တာချီလိတ်ကိုယ်စားပြုအလှမယ်က မယ်သီလရှင်ဝတ်စုံ ဝတ်ဆင်ကာ သရုပ်ဖော်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီလိုလုပ်ဆောင်မှုအပေါ် လူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်ခဲ့တာကြောင့် မနေ့က မေလ ၅ ရက်မှာ တာချီလိတ်အလှမယ်ကို ပြိုင်ပွဲမှ ထုတ်ပယ်ခဲ့ပြီးနောက်မှာ ဒီကနေ့မှာတော့ ပြိုင်ပွဲတစ်ခုလုံးကို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး သီလရှင်ဝတ်စုံ ဝတ်ဆင်ခဲ့တဲ့ အလှမယ် အိမွန်လွင် အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူတွေကို စိစစ်ဖော်ထုတ်အရေးယူပေးရန် စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဌာနသို့ မေလ ၅ ရက်မှာ ညှိနှိုင်းမေတ္တာရပ်ခံထားကြောင်းကို စစ်အုပ်စုရဲ့ သာသနာရေးဝန်ကြီးဌာနက မီဒီယာအချို့မှာ ဖြေကြားထားပါတယ်။
Miss Grand Myanmar Organization ဟာ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း “လက်တလောမှာ ND, Organizer, CD, Miss အားလုံး တူတူရှိပြီး ရင်ဆိုင်ဖြေရှင်းနေပါတယ်” လို့ လူမှုကွန်ရက်က မှတ်ချက်တွေမှာ ဖြေကြားထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၅ ရက်က စတင်ကျင်းပခဲ့တဲ့ Miss Grand Myanmar 2026 ကို ပြိုင်ပွဲဝင် အလှမယ် ၂၇ ဦး ပါဝင်ယှဉ်ပြိုင်နေပြီး အနိုင်ရရှိသူဟာ Miss Grand International 2026 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
