ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနေရာမှာ  ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အစားထိုးဖို့ လုပ်ဆောင်

Author CJ Platform
Categories
Published on May 06, 2026

အတုယောင်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရပြီးနောက် စစ်အုပ်စုက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနေရာတွေမှာ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အစားထိုးဖို့ လုပ်ဆောင်လာပါတယ်။

 

ရန်ကုန်တိုင်းမှာ မေလအတွင်း အာဏာသိမ်းစစ်တပ်က ခန့်ထားတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနေရာမှာ ​ကြံ့ခိုင်ရေးပါတီဝင်တွေကို အစားထိုးခန့်သွားဖို့ လုပ်ဆောင်နေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

 

“ရန်ကုန်မှာ အုပ်ချုပ်ရေးမှူးတွေ ပြန်ရွေးဖို့ မြို့နယ်က ကြီးကြပ်ရေးကော်မတီတွေ ဖွဲ့နေတယ်။ ၅ လပိုင်းထဲမှာ အုပ်ချုပ်ရေးမှူးတွေ ပြန်ရွေးဖို့ ဘယ်လိုပုံစံမျိုးနဲ့ ရွေးမလဲဆိုတာတော့ မသိရသေးဘူး။ အများစုကတော့ ကြံ့ခိုင်ရေးပါတီဝင်တွေ ဖြစ်ဖို့များတယ်” လို့ ပြောပါတယ်။

 

ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသည်မှာ မိမိရပ်ကွက်အကျိုးကို ကြည့်မည့်သူဖြစ်ရန် လိုအပ်ပြီး ပညာအရည်အချင်း အသင့်အတင့်ရှိရမှာဖြစ်သလို ကိုယ်ကျိုးရှာမည့်သူများကို မခန့်သင့်ကြောင်း လှိုင်သာယာမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးက ရှိနေမှာပဲ။ ရပ်ကွက်အကျိုးကိုလည်း ကြည့်မယ်၊ ပညာအရည်အချင်းလည်း အသင့်အတင့်ရှိရမယ်။ လှိုင်သာယာ ၁၅ ရပ်ကွက်မှာဆို အုန်းပင်လိုက်တက်စားတဲ့ ၄ တန်းမအောင်တဲ့ အေးကြိုင်ဆိုတဲ့သူက စစ်တပ်ကို သိန်း ၁၅၀ ပေးပြီး အုပ်ချုပ်ရေးမှူး လုပ်တယ်။ အဲဒီလို ပိုက်ဆံပေးထားရတော့ သူပေးထားရတဲ့ပိုက်ဆံကို ရှာတော့ ရပ်ကွက် ဒုက္ခရောက်ရော” လို့ ပြောပါတယ်။

 

အာဏာသိမ်းကာလ ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ၍ ထောင်ထွက်များကို စစ်တပ်က ခန့်လိုက်၍ ပညာမဲ့တဲ့ ထောင်ထွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်နေပြည်သူတွေကို စစ်တပ်နဲ့ပေါင်း၍ နှိပ်စက်မှုတွေ လုပ်တယ်လို့ ဒဂုံဆိပ်ကမ်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဒဂုံဆိပ်ကမ်း ၈၈ ရပ်ကွက်မှာ ထောင်ကထွက်လာတဲ့ တောက်တဲ့ကို စစ်တပ်က အုပ်ချုပ်ရေးမှူး ခန့်လိုက်တယ်။ စာမတတ်ပေမတတ်ဆိုတော့ စစ်တပ်ခိုင်းသမျှ အကုန်လုပ်တာ။ သူ့ကြောင့် ဒုက္ခရောက်သွားတဲ့သူတွေ တစ်ပုံကြီး၊ အထူးသဖြင့် စစ်မှုထမ်းကိစ္စမှာပေါ့။ တစ်ခါတလေ ထောင်ထွက်တစ်ယောက်ဆီမှာ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာ သွားယူရတာ အတော်လေး ခံရခက်တာ” လို့ ပြောပါတယ်။

 

ဆိုးဝါးတဲ့ အုပ်ချုပ်ရေးမှူး ရှိသလို ရပ်ကွက်ပြည်သူများအပေါ် စေတနာထားတဲ့ အုပ်ချုပ်ရေးမှူးကောင်းတွေလည်း ရှိတယ်လို့ ရွှေပေါက်ကံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မကောင်းတဲ့ အုပ်ချုပ်ရေးမှူး ရှိသလို ကောင်းတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ရှိတယ်။ အာဏာသိမ်းပြီး အုပ်ချုပ်ရေးမှူးမရှိရင် စစ်တပ်က တိုက်ရိုက်အုပ်ချုပ်မယ်ဆိုတော့ ရွှေပေါက်ကံမှာ ရပ်ကွက်နေသူတွေ အဆိုပြုချက်အရ လုပ်ရတဲ့ အုပ်ကြီးတွေ ရှိတယ်။ အဲဒီလိုလူတွေကျတော့ ပြည်သူအတွက်ပဲ ကြည့်တယ်” လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်က အာဏာသိမ်းစစ်တပ်က ခရိုင်အုပ်ချုပ်ရေးနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှာပါတဲ့ ဒုဗိုလ်မှူးကြီးတွေနဲ့ ဗိုလ်မှူးတွေကို ထုတ်ပြီး ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို အသစ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

 

ဓာတ်ပုံ – USDP