စစ်အုပ်စုရွေးကောက်ပွဲကို အာဆီယံ အသိအမှတ်မပြုသေး
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတော့မယ့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် မြန်မာနိုင်ငံမှာ မကြာခင်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုဖို့ကိစ္စနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ အခုအချိန်ထိ ဘုံသဘောတူညီချက် မရရှိသေးဘူးလို့ သိရပါတယ်။
ဒီကနေ့ မေလ ၆ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဆီယံပြောရေးဆိုခွင့်ရှိသူ ဒိုမီနစ် ဇေးဗီးယား အင်ပီရီရယ် (Dominic Xavier Imperial) က မြန်မာ့ရွေးကောက်ပွဲရလဒ်တွေအပေါ် အာဆီယံအနေနဲ့ တစ်စုံတစ်ရာ သဘောတူဆုံးဖြတ်နိုင်ခြင်း မရှိသေးဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ အခုနှစ် ဇန်နဝါရီလအထိ အဆင့်ဆင့် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပြုပါတီက အနိုင်ရခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီလမှာ သမ္မတအဖြစ် ကျမ်းသစ္စာဆိုကာ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားတာ ဖြစ်ပါတယ်။
အာဆီယံပြောရေးဆိုခွင့်ရှိသူကတော့ မြန်မာ့အရေးကို ဖြေရှင်းရာမှာ ၂၀၂၁ ခုနှစ်က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် (5PC) အတိုင်းသာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီရပ်တည်ချက်ဟာ ပြောင်းလဲခြင်းမရှိဘူးလို့ ဆိုပါတယ်။
အခု စီဘူးမြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာစစ်အုပ်စုဘက်က နိုင်ငံရေးအရ ကိုယ်စားပြုသူ စေလွှတ်ခွင့်မရဘဲ စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟော်ခန်းဆွမ် (U Hau Khan Sum) တစ်ဦးတည်းသာ တက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးကို ဘေးဆွယ်ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်ချင်နေပေမယ့် အာဆီယံအဖွဲ့ဝင်တွေကြားမှာတော့ ဆွေးနွေးနေရဆဲ ဖြစ်ပါတယ်။
