စစ်တပ်ကိုလော်ဘီလုပ်မယ့် တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့က ဘာသာ ၄မျိုးနဲ့ သတင်းလွှာ ထုတ်မယ်

Author CJ Platform
Categories
Published on Feb 28, 2026

တရုတ်၊ ရုရှား၊ အင်္ဂလိပ်၊ မြန်မာဘာသာတို့နဲ့ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို ဝါဒဖြန့်ဖော်ပြမယ့် စာစောင်ကို ဖြန့်ချိဖို့ “သတင်းလွှာ (Information Sheet) ထုတ်ပြန်ရေးနှင့် တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့” ကို ဖွဲ့စည်းလိုက်ကြောင်း စစ်ကော်မရှင်က မနေ့က ဖေဖော်ဝါရီ ၂၇ ရက် ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

 

စစ်အုပ်စုဝါဒဖြန့်ချိရေး “သတင်းလွှာ” စာစောင်ကို စစ်ကော်မရှင် ကာကွယ်ရေးဒုတိယဝန်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင် ၁၂ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်သလို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ရုံး အမှုဆောင်ချုပ် အောင်လင်းဒွေးက ပြီးခဲ့တဲ့လ ဇန်နဝါရီ ၃၁ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒီအဖွဲ့ဟာ စစ်တပ်ရဲ့ မူဝါဒပိုင်းဆိုင်ရာ လုပ်ဆောင်ချက် အကြောင်းအရာတွေကို တိုတောင်း၊ ရှင်းလင်း၊ တိကျလုံခြုံတဲ့ပုံစံနဲ့ ရေးသားဖော်ပြပြီး အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ဖို့ကိုလည်း ဖော်ပြထားပါတယ်။

 

သတင်းလွှာစာစောင်ကို ပြည်တွင်း/ပြည်ပ သံရုံး၊ စစ်ရုံးတွေနဲ့ အဖွဲ့အစည်းတွေဆီ အချိန်နဲ့ တစ်ပြေးညီ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိဖို့နဲ့ လူမှုကွန်ရက်တွေကနေတစ်ဆင့် မြန်မြန်ဆန်ဆန် ဖြန့်ဝေဖို့ အပါအဝင် တန်ပြန်ဝါဒဖြန့်ဖို့ကိုလည်း လုပ်ဆောင်သွားဖို့ ပြောဆိုထားပါတယ်။

 

ဒါ့အပြင် စစ်တပ်ကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို သတင်းအချက်အလက် စစ်ဆင်ရေး ပြန်လည်လုပ်ဆောင်ဖို့နဲ့ စစ်တပ်မိသားစုဝင်တွေနဲ့ ဝန်ကြီးဌာနအသီးသီးက ဝန်ထမ်းတွေကို စိတ်ဓာတ်မြှင့်တင်ရေး လုပ်ဆောင်နိုင်ဖို့ သတင်းရေးသား ဖော်ပြသွားဖို့ကိုလည်း ဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်ကလည်း စစ်ကော်မရှင်လက်အောက်ခံ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက စစ်အုပ်စုဝါဒဖြန့်ချိရေးအတွက် “ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ” ကို ဖွဲ့စည်းခဲ့ပါသေးတယ်။

 

လက်ရှိ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲအကျပ်အတည်းတွေဟာ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပြည်ပရောက် မီဒီယာတွေရဲ့ လုပ်ဆောင်မှုကြောင့်သာ ဖြစ်ကြောင်းကို ဝါဒဖြန့်ဖို့နဲ့ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကို ကော်မတီအနေနဲ့ ဝါဒဖြန့်လုပ်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

 

ဒါဟာ စစ်အုပ်စုဝါဒဖြန့်ချိရေးနဲ့ ပြည်ပသတင်းဌာနတွေကို တုံ့ပြန်နိုင်ဖို့အတွက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ဝါဒဖြန့်ချိရေးကော်မတီတွေနဲ့ အဖွဲ့တွေကို စစ်အုပ်စုက ထပ်မံဖွဲ့စည်းလာတာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC