ရန်ကုန်မြို့ရဲ့ ရာမဇာန်ညနေခင်း

Author CJ Platform
Categories
  • Photo News
Published on Feb 27, 2026

ရန်ကုန်မြို့လယ် ဗိုလ်ဆွန်ပတ်လမ်းဟာ ရာမဇာန်ဥပုသ်လ ရောက်ရှိလာတိုင်း အစ္စလာမ်ဘာသာဝင်များသာမက ဘာသာပေါင်းစုံက အစားအသောက်ဝါသနာရှင်တွေနဲ့ ပြည့်နှက်နေတဲ့ ထူးခြားတဲ့ နေရာတစ်ခုပါ။

နေဝင်ရီတရော ဝါဖြေချိန်နီးလာတာနဲ့အမျှ လမ်းတစ်လျှောက်က အစားအသောက်ဆိုင်တန်းတွေကနေ ထွက်ပေါ်လာတဲ့ ရနံ့တွေဟာ အစားသောက်ကောင်းကြိုက်သူတွေကို အမြဲလို ဆွဲဆောင်နေပါတယ်။

ဒီဈေးတန်းမှာ ရနိုင်တဲ့ အစားအစာတွေကတော့ ရှေးယခင်ကတည်းက နာမည်ကြီးလှတဲ့ ရိုးရာလက်ရာတွေပဲ ဖြစ်ပါတယ်။ ဗိုလ်ဆွန်ပတ်လမ်း ဈေးတန်းရဲ့ ထူးခြားချက်ကတော့ “ဘာသာမရွေး၊ လူမျိုးမရွေး” အတူတကွ ဈေးဝယ်ကြတာပဲ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ ဝါဖြေဖို့အတွက် လာရောက်ဝယ်ယူကြသလိုပဲ၊ အခြားဘာသာဝင်တွေကလည်း ဒီလမ်းက ထူးခြားတဲ့ လက်ရာတွေကို မြည်းစမ်းဖို့ နှစ်စဉ် စောင့်မျှော်လေ့ရှိကြပါတယ်။ ဒါဟာ ရန်ကုန်မြို့ရဲ့ လူမှုသဟဇာတဖြစ်မှုကို ပြသနေတဲ့ မြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။

“ကျွန်တော်ကတော့ နှစ်တိုင်း ဒီလမ်းကို လာဖြစ်တယ်။ စမူဆာနဲ့ နို့အေးကတော့ ဗိုလ်ဆွန်ပတ်လမ်းရဲ့ အမှတ်အသားပဲ”လို့ ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပြုပါတယ်။