ရုရှားအကူအညီနဲ့ မြန်မာ့ပထမဆုံး အာကာသယာဉ်မှူး လေ့ကျင့်ပြီး ဂြိုဟ်တုလွှတ်တင်ဖို့ စစ်ကော်မရှင် ပြင်ဆင်နေ

Author CJ Platform
Categories
Published on Feb 27, 2026

မြန်မာနိုင်ငံအတွက် ပထမဆုံးသော အာကာသယာဉ်မှူး ၁ ဦးကို ရွေးချယ်လေ့ကျင့်ပေးသွားဖို့နဲ့ ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်ရေး အပါအဝင် အာကာသနည်းပညာကဏ္ဍမှာ ရုရှားနိုင်ငံနဲ့ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရုရှားအစိုးရပိုင် အာကာသလုပ်ငန်း (Roscosmos) နဲ့ စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ရုရှားနိုင်ငံပိုင် Roscosmos ကော်ပိုရေးရှင်းက ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံက ပထမဆုံး အာကာသယာဉ်မှူးကို ရွေးချယ်တာနဲ့ လေ့ကျင့်သင်ကြားပေးတာတွေကို လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်ကလည်း “လူလိုက်ပါတဲ့ အာကာသစူးစမ်းလေ့လာရေးကဏ္ဍ” မှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အတွက် ရုရှား-မြန်မာ နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

 

အဲဒီသဘောတူညီချက်အရ ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ပထမဆုံး အာကာသယာဉ်မှူးကို ရွေးချယ်ပေးမှာဖြစ်သလို လိုအပ်တဲ့ လေ့ကျင့်မှုတွေကိုလည်း လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ရုရှားရဲ့ GLONASS လို့ခေါ်တဲ့ ဂြိုဟ်တုလမ်းညွှန်စနစ်အတွက် အချက်အလက် စုဆောင်းရေးစခန်းတစ်ခုကို မြန်မာနိုင်ငံမှာ တည်ဆောက်သွားမှာဖြစ်ပြီး၊ အာကာသအတွင်းက အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေကို စောင့်ကြည့်ထောက်လှမ်းမယ့် စနစ်တစ်ခုအတွက်လည်း နေရာချထားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ Roscosmos ညွှန်ကြားရေးမှူးချုပ် ဒီမီထရီ ဘာကာနော့ဗ် (Dmitry Bakanov) တို့ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပညာတော်သင်တွေ စေလွှတ်ဖို့ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ရုရှားနိုင်ငံမှာ လာမယ့် ဧပြီလအတွင်း ကျင်းပမယ့် Space Week အခမ်းအနားကို တက်ရောက်ဖို့ မြန်မာနိုင်ငံ အာကာသအေဂျင်စီကို ဖိတ်ကြားထားပါတယ်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းကလည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဖို့ မော်စကိုမြို့ကို သွားရောက်ခဲ့ပြီး၊ ရုရှားစွမ်းအင်ကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံမှာ အခွင့်အလမ်းတွေ ပေါ်ပေါက်လာစေမယ့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံက JSC Progress ဒုံးပျံနဲ့ ဂြိုဟ်တုထုတ်လုပ်ရေး စက်ရုံကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့ဖူးကြောင်း သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ပေးဖို့အတွက်လည်း စာချုပ်ချုပ်ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံနေရချိန်မှာ ရုရှားနဲ့ အခုလို နည်းပညာနဲ့ စီးပွားရေးအရ ပိုမိုနီးကပ်စွာ ပူးပေါင်းလာနေတာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC