ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ကွယ်ဝှက်ထားတဲ့ အဆိပ်ခွက်
မြန်မာနိုင်ငံရဲ့ မြေပုံကို ကြည့်လိုက်ရင် ခန္ဓာကိုယ်တစ်ခုရဲ့ အဓိကသွေးလွှတ်တော်ကြီးပမာ ဟိမဝန္တာတောင်ခြေကနေ ကပ္ပလီပင်လယ်ပြင်အထိ တသွင်သွင်စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးကို တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် “မြန်မာ့ဆန်အိုးကြီး” လို့ တင်စားရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ သန်းနဲ့ချီတဲ့ ပြည်သူတို့ရဲ့ အနားယူရာ၊ မှီခိုရာ မြေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ထိုစိမ်းလန်းစိုပြည်တဲ့ လယ်ကွင်းပြင်တွေနဲ့ ရွှေရောင်ဝင်းတဲ့ စပါးနှံတွေရဲ့ နောက်ကွယ်မှာ ဒေသခံတွေအတွက် အန္တရာယ်ရှိတဲ့ အဆိပ်တွေခိုအောင်းနေပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ရဲ့ ရေအရင်းအမြစ်တွေထဲကို တဖြည်းဖြည်းချင်း စိမ့်ဝင်နေတဲ့ အဆိပ်တွေပဲဖြစ်ပါတယ်။
ဧရာဝတီတိုင်းဟာ မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါများတဲ့ အရပ်ဒေသဖြစ်ပေမယ့် သန့်ရှင်းတဲ့ရေ ရရှိဖို့ခက်ခဲတဲ့ ဒေသတစ်ခုလည်း ဖြစ်လာနေပါတယ်။ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် တောင်ပိုင်းဒေသတွေမှာ ဆားငန်ရေဝင်ရောက်လာနေသလို၊ ဒေသအထက်ပိုင်းတွေမှာလည်း မြေအောက်ရေထဲ အာဆင်းနစ်ဓာတ် ပါဝင်တာအပြင်၊ စိုက်ပျိုးရေးလုပ်ငန်းတွေက ဓာတုဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတွေ နဲ့ ပလက်စတစ်အမှိုက် စွန့်ပစ်မှုတွေကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေမှာပါ အဆိပ်သင့်ညစ်ညမ်းမှုတွေ ဖြစ်ပွားလာနေပါတယ်။

ဧရာဝတီတိုင်း က ဒေသအများစုက သန့်စင်တဲ့ရေဖြန့်ဖြူးပေးတဲ့ မြို့ရေပေးဝရေးစနစ်ကို လက်လှမ်းမီကြသေးပါဘူး။ ဖျာပုံနဲ့ ပုသိမ် မြို့ပေါ်ဒေသတွေမှာသာ ပြန်လည်သန့်စင်ထားတဲ့ မြို့ရေပေးဝေရေးစနစ်ကို ကျင့်သုံးလာနေတာဖြစ်ပါတယ်။ အများစုကတော့ မြေပေါ်မြေအောက်ရေတွေ အဓိကထားသုံးနေကြရပါတယ်။
“သောက်ရေကိုတော့ ရေသန့်ဘူးမှာသောက်တယ်လေ သုံးရေကိုတော့ အိမ်ကအဝီစိရေပဲ သုံးတယ်” လို့ ပုသိမ်ဒေသခံတစ်ဦးကပြောပါတယ်။ သို့သော်လည်း အဝီစိတွင်းရေမှာ ဘယ်လိုဓာတ်တွေ ပါဝင်နေတယ်ဆိုတာမျိုးကိုတော့ စစ်ဆေးတာမျိုး မရှိဘူးလို့ သူကဆိုပါတယ်။
ဗြိတိန်နိုင်ငံ Portsmouth တက္ကသိုလ်ရဲ့ နောက်ဆုံးလေ့လာမှုအရ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ရေတွင်းပေါင်း ၁၂၄,၀၀၀ နီးပါးကို စစ်ဆေးခဲ့ရာ ၇၁ ရာခိုင်နှုန်းခန့်မှာ အာဆင်းနစ် (Arsenic) ပမာဏဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စံနှုန်းထက် ကျော်လွန်နေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ကျုံပျော်၊ ကျောင်းကုန်း၊ သာပေါင်း၊ ပန်းတနော်၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တို့ဟာ အာဆင်းနစ် အန္တရာယ်အရှိဆုံး နယ်မြေတွေ ဖြစ်နေကြပါတယ်။ အာဆင်းနစ် ပါတဲ့ ရေကို ရေရှည်သောက်သုံးမိရင် အရေပြားပေါ်မှာ မိုးစက်ကျရာမှာ ဖြစ်ပေါ်တတ်တဲ့ အစက်အပြောက်တွေလို အသားအရောင်ပြောင်းလဲခြင်း (Raindrop pigmentation) နဲ့ လက်ဖဝါး၊ ခြေဖဝါးတွေ အသားမာတက်ခြင်း (Hyperkeratosis) တို့ကို ပထမဆုံး တွေ့ရပါလိမ့်မယ်။ ထိုမှတစ်ဆင့် အဆုတ်၊ အသည်း၊ ဆီးအိမ်နဲ့ အရေပြားကင်ဆာတွေအထိ ဆိုးရွားစွာ ခံစားရနိုင်ပြီး မိသားစုတစ်ခုရဲ့ လူမှုစီးပွားဘဝကို အမှုန့်ခြေဖျက်ပစ်နိုင်တဲ့ စွမ်းအားရှိပါတယ်။

စစ်တမ်းပြုလုပ်ထားချက်အရ ကျုံပျော်မြို့နယ်အတွင်းမှာဆိုရင်လည်း မိမိတို့သောက်သုံးနေတဲ့ ရေအရင်းအမြစ်ကို အာဆင်းနစ် ပါဝင်မှု ရှိ၊ မရှိ စနစ်တကျ စစ်ဆေးထားတဲ့ အိမ်ထောင်စုဟာ ၂ ရာခိုင်နှုန်း သာ ရှိပြီး၊ ၉၄ဒဿမ၅ ရာခိုင်နှုန် မှာ တစ်ကြိမ်တစ်ခါမျှ စစ်ဆေးခဲ့ခြင်း မရှိဘူးလို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့အတွက် မေသန့်စင်ဝင်း ရဲ့ ဘွဲ့လွန်သုတေသနစာတန်းမှာ ဖော်ပြထားပါတယ်။
ဧရာဝတီတိုင်းအတွင်း အာဆင်းနစ် ညစ်ညမ်းမှုဟာ လူသားတွေရဲ့ လုပ်ဆောင်မှုကြောင့် မဟုတ်ဘဲ ဘူမိဗေဒဆိုင်ရာ အနည်ကျမှုဖြစ်စဉ်များကြောင့် သဘာဝအလျောက် ဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဧရာဝတီတိုင်းအတွင်း မြစ်၊ ချောင်း၊ အင်း၊ အိုင် တွေမှာလည်း လူတွေကြောင့်ဖြစ်ပွားတဲ့ အဆိပ်သင့်ညစ်ညမ်းမှုတွေ တိုးပွားလာနေတယ်လို့ သုတေသန အစီရင်ခံစာတွေက ဆိုပါတယ်။
ဂျပန်နိုင်ငံ၊ ကျူးရှူးတက္ကသိုလ် က နန်းချယ်ရီလွင် ရဲ့ ပါရဂူဘွဲ့ သုတသေန စာတမ်းအရ စိုက်ပျိုးရေကို အလွန်အကျွံအသုံးပြုခြင်း၊ မသန့်စင်ထားသော စွန့်ပစ်ရေတွေကို စိုက်ပျိုးရေးတွင် အသုံးပြုခြင်း၊ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေကို လိုအပ်သည်ထက် ပိုမိုသုံးစွဲခြင်းတို့ကြောင့် မြစ်ရေထု ညစ်ညမ်းတွေဖြစ်ပွားနေရတယ်လို့ ဆိုပါတယ်။ ဧရာဝတီမြစ်ဝှမ်းဒေသအတွင်းရှိ စိုက်ပျိုးရေထုတ်မြောင်းတွေ ချိုင့်ဝှမ်းမြစ်ဝတွေမှာ ညစ်ညမ်းမှုများ ပြင်းထန်စွာ ဖြစ်ပေါ်နေတယ်လို့ သုတေသနစာတမ်းက ဆိုပါတယ်။

၂၀၁၄ ခုနှစ်မှာ ရေနမူနာကောက်ယူ သုတေသနပြုလုပ်ထားချက်တွေအရ ပုသိမ်မြစ်ဝရှိ ရေအရည်အသွေးဟာ သတ်မှတ်စံနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် ခဲ၊ ကက်ဒမီယမ်၊ ဖော့စဖိတ်နှင့် COD တန်ဖိုးတွေဟာ သတ်မှတ်ချက်ထက် ကျော်လွန်နေတာကြောင့် သောက်သုံးရန် မသင့်လျော်ဘဲ စနစ်တကျ သန့်စင်ပြီးမှသာ အသုံးပြုသင့်တယ်လို့ “ASSESSMENT ON THE WATER QUALITY AT THE MOUTH OF PATHEIN RIVER, AYEYARWADY REGION, MYANMAR” သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။
ပုသိမ်မြစ်ဝ တဝိုက် ဒေသတွေက စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ဖော့စဖရပ် (Phosphorous) မြေသြဇာ တစ်မျိုးဖြစ်တဲ့ ရော့ခ်ဖော့စဖိတ် (Rock Phosphate) ကို အသုံးပြုခြင်းကြောင့် ရေထုအတွင်းသို့ ခဲနှင့် ကက်ဒမီယမ်ကဲ့သို့ အဆိပ်သင့်သတ္တုဓာတ်များ စံနှုန်းထက် ကျော်လွန်စေတဲ့ အဓိက အကြောင်းရင်းဖြစ်နိုင်တယ်လို့ အဆိုပါသုတေသနစာတမ်းကဆိုပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ Myanmar Resource Watch ရဲ့ သုတေသနအစီရင်ခံစာမှာလည်း ဓနုဖြူ နဲ့ ညောင်တုန်းမှာ ရှိတဲ့ မြစ်ရေမှာ ခဲ၊ မဂ္ဂနီးစ် နဲ့ မာကျူရီ(ပြဒါး) ဓာတ်တွေဟာ သတ်မှတ်ပမာဏထက် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက စိုက်ပျိုးရေး ပညာရှင် ကိုနိုင် ကတော့ အရင်က ပုလဲဓာတ်မြေဩဇာလို့ခေါ်တဲ့ ယူယီယားဓာတ်မြေဩဇာကိုသာ အဓိကအသုံးပြုကြပေမယ့် နောက်ပိုင်းမှာ ရော့ခ်ဖော့စဖိတ် (Rock Phosphate) တွေဟာ သံသုံးကွင်း တံဆိပ်အတုတွေနဲ့ တရားမဝင်ဝင်လာပြီးနောက် ရော့ခ်ဖော့စဖိတ် (Rock Phosphate) အသုံးများလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။
“သူ့ကို မစိုက်ခင် မြေခံမှာအရင်သုံးတယ် ပင်ပွားထွက်တဲ့အချိန်မှာ တစ်ခါသုံးတယ် စပါးဆိုရင်နှစ်ခါလောက်သုံးပေးရတယ်။ ဧရာဝတီမှာရှိတဲ့ လယ်တွေကလည်း တကွင်းတဆက်တည်းတွေပိုများတယ်။ တဖက်လယ်က ရေသွင်းလိုက် တဖက်လယ်က ဖောက်ထုတ်လိုက် နဲ့ မြစ်နားနီးတဲ့ လယ်တွေက ရေတွေက မြစ်ထဲကို စီးဆင်းသွားနိုင်တယ်။ နောက်ပြီး ဖော့စဖရပ် (Phosphorous) လိုဟာမျိုးက တစ်နှစ်တည်းနဲ့ မပျော်သွားနိုင်ဘူးလို့” သူကဆိုပါတယ်။
ဒေသခံတွေကတော့ သူတို့ အသုံးပြုနေတဲ့ မြေပေါ်၊ မြေအောက် ရေအရင်းအမြစ်တွေမှာ ဘယ်လို့ အန္တရာယ်ရှိစေတဲ့ ဓာတ်တွေ ပါဝင်နေတယ်ဆိုတာကို သိရှိနားလည်ခြင်းမရှိကြပါဘူး။
ညောင်တုန်း ဒေသခံ ကိုဖြိုးကတော့ မြစ်ရေအတွင်း အာန္တရာယ်ရှိစေတဲ့ ဓာတ်တွေ ပါဝင်နေတာနဲ့ပတ်သက်ပြီး “အဲလိုတော့ကြီးကြီးကျယ်ကျယ်ကြီး မကြားဖူဘူး” လို့ပြောပါတယ်။
ညောင်တုန်းမြို့ပေါ်မှာတော့ သောက်ရေအတွက် ရေသန့်စက်တွေက ရေတွေကို အဓိက မှာယူသောက်သုံးကြပြီး၊ သုံးရေကိုတော့ အစိုးရရေ၊ အဝီစိတွင်းရေ၊ မြစ်ရေ၊ မိုးရေ နဲ့ ရေသန့် တွေကို သုံးကြတယ်လို့ သူကဆိုပါတယ်။

ရေအရင်းအမြစ်ညစ်ညမ်းမှုတွေဟာ ဓာတုဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတွေကြောင့်ပဲတော့မဟုတ်ပါဘူး၊ အသုံးများလာတဲ့ ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေကြောင့်လည်း ညစ်ညမ်းမှုတွေ အလျင်အမြန်တိုးပွားလာနေပါတယ်။ ဧရာဝတီမြစ်ဟာဆိုရင် ကမ္ဘာပေါ်မှာ ပလတ်စတစ် အညစ်အကြေးများ အများဆုံး သယ်ဆောင်ပေးနေတဲ့ မြစ်အစင်း ၂၀ ထဲမှာပါဝင်နေပါတယ်။
Fauna and Flora International (FFI) နဲ့ Thant Myanmar အဖွဲ့နှစ်ဖွဲ့ပေါင်းပြီး ၂၀၁၉ ခုနှစ်က သုတေသနပြုလုပ်ချက်အရ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေဟာ ဧရာဝတီမြစ်ကြီးထဲကို တစ်ရက်ကို တန်ချိန် ၁၂၀ ခန့် စီးဝင်နေပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ဧရာဝတီမြစ်အတွင်းသို့ ပလတ်စတစ်စွန့်ပစ်မှု အများဆုံးဒေသဖြစ်ပြီး တစ်ရက်ကို ပလတ်စတစ် ၃၂ တန်ခန့် မြစ်အတွင်းသို့ စွန့်ပစ်နေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ပုသိမ်၊ ချောင်းသာနဲ့ ငရုတ်ကောင်း ကမ်းခြေဒေသတွေမှာလည်း ၁ စတုရန်းမီတာအတွင်း ပလက်စတစ်အမှိုက် ၄ ခုကနေ ၉ အတွင်း တွေရှိရတယ်လို့ ပုသိမ်တက္ကသိုလ် ဓာတုဗဒဌာန၊ Kumamoto တက္ကသိုလ် (ဂျပန်) နဲ့ ASEAN-Japan Centre တို့က ပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ Marine plastic debris pollution in coastal areas of Ayeyarwady, Myanmar သုတသေနစာတန်းမှာ ဖော်ပြထားပါတယ်။
အဆိုပါ ပလတ်စတစ်တွေဟာ မဆွေးမြည့်ဘဲ အချိန်ကြာလာတဲ့အခါ သေးငယ်တဲ့ “မိုက်ကရိုပလတ်စတစ်” အမှုန်အမွှားတွေအဖြစ် ကွဲထွက်သွားနိုင်ပါတယ်။ အရှည် ၅ မီလီမီတာအောက်ရှိ တဲ့ မိုက်ခရိုပလတ်စတစ် အစအနလေးတွေဟာ ရေနဲ့ အစားအစာတွေအတွင်း ရောက်ရှိနေပြီး လူ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ရေအရင်းမြစ်ညစ်ညမ်းမှုကြောင့် ဖြစ်ပွားတဲ့ ရောဂါတွေဟာ ချက်ခြင်းဖြစ်ပွားတာမျိုးမဟုတ်ပေမယ့် ရေရှည် အသုံးပြုရင်း နာတာရှည်ရောဂါတွေဖြစ်ပွားတာကြောင့် အများစုက သတိမပြုမှုကြပါဘူး။ ဒါပေမယ့် သုတေသနပြုလုပ်ချက်တွေရ ညစ်ညမ်းတဲ့ အဆိပ်သင့်ရေတွေကြောင့် နာတာရှည်ရောဂါတွေ ဆိုးဆိုးရွားရွားဖြစ်ပွားနေတာကိုတွေ့ရပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့အတွက် မေသန့်စင်ဝင်း ရဲ့ စစ်တမ်းအရ ကျုံပျော်မြို့နယ်အတွင်း အိမ်ထောင်စု ၉၆ရာခိုင်နှုန်းမှာ နာတာရှည်ရောဂါ တစ်မျိုးမျိုး ခံစားနေကြရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အာဆင်းနစ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါဝေဒနာတွေကြောင့် အိမ်ထောင်စု ၉၄ ရာခိုင်နှုန်းခန့် မှာ မိသားစုတွေရဲ့ ဝင်ငွေ လျော့နည်းခြင်း၊ ဆေးဝါးကုသစရိတ် အသုံးပြုရခြင်းနဲ့ အိမ်ထောင်စု ၈၅ဒဿမ၅ ရာခိုင်နှုန်းမှာ အလုပ်နား ကျောင်းနားရတာတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။
အထက်ပါ အခြေအနေတွေကို ကြည့်လိုက်မယ်ဆိုရင် ဧရာဝတီတိုင်းအတွင်း ရေအရင်းမြစ်တွေမှာ ညစ်ညမ်းမှုတွေ တိုးပွားလာနေပြီး ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝတွေကို ထိခိုက်လာနေတာကိုတွေ့ရမှာပါ။ အသိပညာပေး တာတွေ အားနည်းတာကြောင့် ဒေသခံတွေအနေနဲ့လည်း မိမိတို့အသုံးပြုနေတဲ့ ရေအရင်းအမြစ်တွေမှာ ဘယ်လိုအန္တရာယ်ရှိတဲ့ အရာတွေ ပါဝင်နေသလဲ ဒီအန္တရာယ်တွေကို ဘယ်လျှော့ချရမလဲဆိုတာကို သိရှိနားလည်ခြင်းမရှိကြသေးပါဘူး။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ ရေအရင်းအမြစ်တွေ သန့်ရှင်းရေးဟာ ဒေသခံတွေရဲ့ ကျန်းမာရေးအတွက်သာမက နိုင်ငံရဲ့ အနာဂတ် စားနပ်ရိက္ခာ လုံခြုံမှုအတွက်ပါ မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ယနေ့ ဓာတုဓာတ်မြေသြဇာတွေ အလွန်အကျွံသုံးစွဲမှုကို မရပ်တန့်နိုင်ရင်၊ မြစ်ရေညစ်ညမ်းမှုကို မကာကွယ်နိုင်ရင် နောင်လာနောက်သားတွေအတွက် “အဆိပ်သင့်နေတဲ့ အမွေအနှစ်” ကိုသာ ချန်ထားခဲ့ရပါလိမ့်မယ်။

အဆိပ်ကင်းတဲ့၊ ကြည်လင်တဲ့ မြစ်တစ်စင်းအဖြစ် ပြန်လည်ရှင်သန်စေဖို့ ကျွန်တော်တို့အားလုံး ယနေ့ကစပြီး လက်တွဲညီညီ ထိန်းသိမ်းကြပါဖို့လိုပါမယ်။ သန့်ရှင်းတဲ့ ရေတစ်စက်ဟာ အနာဂတ်အတွက် အသက်တစ်ချက်ပင် ဖြစ်ပါတော့တယ်။
