ဓာတ်ပုံတစ်ပုံနဲ့ အငြင်းပွားနေမှာလား ခဲပစ်သူ ရှာမလား
အတုယောင်ရွေးကောက်ပွဲကို အသုံးချပြီး ကိုယ်တိုင်ခန့် သမ္မတလုပ်ဆောင်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတဖြစ်ပါတယ်လို့ လူသိခံရဖို့အရေး နိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးတာတွေ တောက်လျှောက်ဆိုသလို လုပ်လာခဲ့ပါတယ်။
ဒီအထဲမှာ နိုင်ငံတော်ရဲ့ တရားဝင် သမ္မတ ဦးဝင်းမြင့်လည်း ပါဝင်ခဲ့ပါတယ်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက်မှာ စစ်အုပ်စုဟာ သူတို့ မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ သမ္မတကြီးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူအချို့ အချိန်ခဏသာ တွေ့ဆုံခွင့်ရရှိခဲ့ပေမယ့် လက်ရှိအချိန်အထိ သမ္မတကြီး ဘာဖြစ်နေလဲဆိုတာ ဘယ်သူမှ မသိရှိကြပါဘူး။ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့သာ သတင်းတွေအရ၊ ထုတ်ပြန်ချက်တွေအရ သိရပေမယ့် သမ္မတကြီးဟာ အခုချိန်ထိ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေဆဲ ဖြစ်ပါတယ်။
ဒါဟာ “ငါတို့ သမ္မတ ငါတို့ ပြန်ပေး” လို့ ပြည်သူတွေ တောင်းဆိုမှုကို စစ်အုပ်စုက လိုက်လျောလိုက်တာ မဟုတ်ခဲ့ပါဘူး။ အတုယောင်ရွေးကောက်ပွဲကို အသုံးချပြီး ကိုယ်တိုင်ခန့် သမ္မတလုပ်နေသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို ဆက်လက်ဖမ်းဆီးထားတာဟာ နိုင်ငံတကာမှာ သူသမ္မတဖြစ်မှုကို တားဆီးထားလို့သာပဲ ဖြစ်ပါတယ်။ ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတကို ဖမ်းဆီးထားပြီး ကိုယ်တိုင်ခန့် သမ္မတလုပ်နေသူကို ဘယ်သူက သမ္မတအဖြစ် အသိအမှတ်ပြုမှာလဲ။ ဒါကြောင့်သာ ပြန်လွှတ်ပေးတယ်ဆိုကာ အကျဉ်းထောင်ကနေ မလွတ်လပ်တဲ့ နေရာတစ်ခုကို ပြောင်းရွှေ့ပေးလိုက်တာပဲ ဖြစ်ပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့မှာတော့ စစ်အုပ်စုဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတစ်ပုံကို သတင်းထုတ်ပြန်လာပြီး အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့ နေအိမ်ကို ပြောင်းလဲထားရှိတယ်လို့ ထုတ်ပြန်လာပါတယ်။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့တာ မဟုတ်ပါဘူး။ ဒါ့အပြင် အထူးသတိထားရမယ့် အသုံးအနှုန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့ နေအိမ်ကို ပြောင်းလဲထားရှိတာပါ။ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲထားရှိတာ မဟုတ်ပါဘူး။
သတ်မှတ်ထားတဲ့ နေအိမ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်တဲ့ နေအိမ်တစ်ခု မဖြစ်နိုင်ပါဘူး။ ခြံနံပါတ် (၅၄) ဟာ ရှင်းလင်းထားခြင်း မရှိသလို CJ Platform ရဲ့ သတင်းထောက်တစ်ဦး သွားရောက်စုံစမ်းရာမှာ နေအိမ်ရှေ့ဟာ ပုံမှန်အတိုင်း ထူးခြားမှု မရှိဘူးလို့ သိရပါတယ်။ ဒါ့ပြင် နှင်းဆီခြံဟာလည်း ရှင်းလင်းထားခြင်း မရှိသေးတာကို NLD ပါတီရဲ့ တာဝန်ရှိသူ ဒေါက်တာမျိုးညွှန့်ကိုယ်တိုင် ပြောကြားထားပါတယ်။
စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်ဟာ ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်လာမှုသာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးလားဆိုတာကို ပြည်သူတွေ သိချင်တောင်းဆိုနေကြချိန်မှာ သတင်းဓာတ်ပုံတစ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့ နေအိမ်ကို ပြောင်းလဲထားရှိတယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
သူတို့ သတ်မှတ်ထားတဲ့ နေအိမ်ဆိုတာ ဘယ်နေရာမှာပါလဲ။ အကျဉ်းထောင်အတွင်းက နေအိမ်တစ်လုံးမှာပဲလား။ စစ်အုပ်စုက သီးသန့်တည်ဆောက်ထားတဲ့ နေအိမ်လား။ သေချာတာကတော့ ဒါဟာ ဖိအားအချို့ကို လျှော့ချဖို့ စစ်အုပ်စုရဲ့ သီးသန့်ထုတ်ပြန်မှုပဲ ဖြစ်ပါတယ်။
ဒီအချိန်မှာ ပြည်သူတွေဟာ စစ်အုပ်စု ထုတ်ပြန်လာတဲ့ သတင်းဓာတ်ပုံကို မူတည်ပြီး ဓာတ်ပုံ အစစ်ဟုတ်မဟုတ်၊ AI နဲ့ ပြုပြင်ဖန်တီးထားတာ ဟုတ်မဟုတ်၊ အခုလက်တလော ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဟုတ်မဟုတ်ကိုသာ အငြင်းပွားနေပြီး အကျဉ်းထောင်ကနေ သတ်မှတ်ထားသော နေအိမ်ဆိုတဲ့ ထူးမခြားတဲ့ အကျဉ်းချတစ်နေရာကို ပို့ဆောင်လိုက်ခြင်းကို မြင်နိုင်စွမ်းတွေ လျော့ကျခဲ့ပါတယ်။
နေပြည်တော်အကျဉ်းထောင်မှာ နှစ်အတန်ကြာ မတရားဖမ်းဆီးခံရပြီးနောက် လွတ်မြောက်လာပြီး သတင်းလုပ်ငန်းတာဝန်တွေကို ဆက်လက်လုပ်ဆောင်နေသူ သတင်းအယ်ဒီတာတစ်ဦးဖြစ်တဲ့ ကိုသန်းထိုက်အောင်က သူရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဒီသတင်းဓာတ်ပုံဟာ လက်တလောမှာ ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံ ဖြစ်တယ်ဆိုတာကို အတည်ပြုထားပါတယ်။
ကိုသန်းထိုက်အောင်ရဲ့ လေ့လာတွေ့ရှိချက်အရ စစ်အုပ်စု ထုတ်ပြန်ထားတဲ့ သတင်းဓာတ်ပုံမှာ ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ ထိုင်နေသူဟာ ၃ ဦးပါ။ တစ်ဦးဟာ သတင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် လှိုင်မင်းဖြစ်ပြီး သူဟာ သတင်းရဲတပ်ဖွဲ့မှူးရာထူးကို ရရှိခဲ့တာ လပိုင်းပဲ ရှိနေသေးပါတယ်။ ထုတ်ပြန်ထားတဲ့ သတင်းဓာတ်ပုံမှာ လက်ချောင်းလေးသာပါပြီး လူပုံကို မတွေ့ရတဲ့ နောက်တစ်ဦးကတော့ ဒုရဲချုပ် မျိုးမင်းထိုက်ပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားသော နေအိမ်တစ်ခုကို ပြောင်းရွှေ့ထားရှိတယ်ဆိုပြီး သတင်းထုတ်ပြန်လာတဲ့နေ့ဟာ ကြာသပတေးနေ့ ဖြစ်ပါတယ်။ ကြာသပတေးနေ့ဟာ ဆာဖာရီဝတ်စုံ ဝတ်ဆင်ရတဲ့ နေ့ပါ။ ဒါကြောင့် ဒီသတင်းဓာတ်ပုံဟာ သတင်းထုတ်ပြန်တဲ့နေ့မှာ ရိုက်ကူးခဲ့တာ မဟုတ်ခဲ့ရင်တောင် ရိုက်ကူးခဲ့တာ လပိုင်းပဲရှိသေးကြောင်း သက်သေပြပါတယ်။
သတင်းဓာတ်ပုံတစ်ခုကို အတုပါ၊ အစစ်ပါလို့ ငြင်းခုန်ကြပြီး သတ်မှတ်ထားသော နေအိမ်ဆိုတဲ့ အကျဉ်းစံအိမ်တစ်ခုကိုသာ စစ်အုပ်စုက ပြောင်းရွှေ့ပေးခဲ့တာဖြစ်ကြောင်း၊ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲလိုက်တာ မဟုတ်ကြောင်း ထောက်ပြတောင်းဆိုမှုတွေ ဆက်လက် လိုအပ်နေပါတယ်။
ခဲပစ်သူဟာ သတင်းဓာတ်ပုံတစ်ပုံနဲ့ အလုပ်ပေးခဲ့ပြီး အကျဉ်းထောင်ကြီးထဲကနေ အကျဉ်းစံအိမ်ကို ပြောင်းလဲထားရှိတာဟာ နိုင်ငံတကာနဲ့ ပြည်သူတွေကို လှည့်စားမှု သက်သက်ပါပဲ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့၊ နိုင်ငံတကာသံတမန်တွေ၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ ဘယ်နေရာဒေသမှာ ဘယ်လို ချုပ်နှောင်ထားတယ်ဆိုတာကို တရားဝင် သတင်းထုတ်ပြန်လာဖို့၊ သူမရဲ့ ကျန်းမာရေးအခြေအနေကို ရှေ့နေတွေ၊ သက်ဆိုင်ရာ ဆရာဝန်တွေကတစ်ဆင့် ရုပ်သံမှတ်တမ်းတွေနဲ့အတူ ရှင်းလင်းထုတ်ပြန်ဖို့ကို ကျွန်တော်တို့ ဆက်လက် တောင်းဆို တိုက်ပွဲဝင်ကြရပါဦးမယ်။
