နေပြည်တော်မှာ ဘုရားဖူးပြီး ပြန်လာတဲ့ သုံးဘီးတစ်စီးတိမ်းမှောက်ရာမှ ၁ ဦးသေ ၁၂ ဦးဒဏ်ရာရ

Author CJ Platform
Categories
Published on May 01, 2026

နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဧပြီလ ၃၀ ရက် မနက် ၁၀ နာရီက ဗုဒ္ဓဂါယာဘုရားဖူးပြီး ပြန်လာတဲ့ သုံးဘီးယာဉ်တစ်စီး အရှိန်မထိန်းဘဲ တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မနေ့ မနက် ၁၀ နာရီက မာရဝီဇယဘုရားအနီးမှာ တည်ထားတဲ့ ဗုဒ္ဓဂါယာဘုရားကို သွားဖူးပြီး ပြန်လာတဲ့ သုံးဘီးယာဉ်ဟာ အဆင်းလမ်းမှာ အရှိန်လွန်ပြီး မှောက်ခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အဲဒီလမ်းမှာ ကားတွေ ခဏခဏ စလစ်ဖြစ်တယ်။ အဆင်းလမ်းဆိုတော့ အရှိန်မထိန်းနိုင်ရင် အရှိန်လွန်ပြီး မှောက်တာများတယ်။ မနေ့က သုံးဘီးဆိုင်ကယ်လည်း အဲဒီလိုဖြစ်ပြီး မှောက်တာ ကောင်လေးတစ်ယောက် သေသွားတယ်။ ကျန်တဲ့သူတွေ ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

 

လယ်ဝေးမြို့နယ်ကနေ လူ ၁၆ ဦး တင်ဆောင်ပြီး ဘုရားလာဖူးတဲ့ သုံးဘီးယာဉ် မှောက်ခဲ့တာဖြစ်ပြီး အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

 

“မှောက်တဲ့သုံးဘီးက လယ်ဝေးကနေ ဘုရားလာဖူးတာပါ။ ၁၆ ယောက်ပါတာ ၁ ယောက်သေတယ်၊ ၁၂ ယောက် ဒဏ်ရာရတယ်။ အကုန်လုံး နေပြည်တော်ဆေးရုံကို ပို့ထားတယ်” လို့ ပြောပါတယ်။

 

လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သေဆုံးသူအမျိုးသားကို နေပြည်တော် ခုတင် ၁၀၀၀ ကို ပို့ဆောင်ပြီး ဒဏ်ရာရရှိသူ ၁၂ ဦးကို နေပြည်တော် ခုတင် ၃၀၀ ကို ပို့ဆောင်ထားတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ကဆုန်လပြည့်နေ့ကလည်း ဗုဒ္ဓဂါယာအဆင်းလမ်းမှာ ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက် 

 

 

Related News

Depend on news