နေပြည်တော်၊ မိုးစွေ-လွင်သာယာကားလမ်းတွင် ဝါးကားတစ်စီး ချောက်ထဲထိုးကျ၊ ၈ ဦးသေဆုံး
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုးစွေ-လွင်သာယာကားလမ်းမမှာ ဒီကနေ့ မေ ၂ရက် နေ့လယ် ၃ နာရီက ဝါးကားတစ်စီး ချောက်ထဲထိုးကျခဲ့ရာ အမျိုးသား ၈ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ နေ့လယ် ၃ နာရီက ဥတ္တရသီရိမြို့ထဲကနေ ဝါးတွေတင်ဆောင်လာတဲ့ ကားတစ်စီးဟာ မိုးစွေကျေးရွာအုပ်စု မိုးစွေ-လွင်သာယာကားလမ်းမှာ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“တောင်ဆင်းတောင်တက်လမ်းတွေဆိုတော့ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျတာ။ ကနဦး သိရသလောက် ဝါးကားပေါ်မှာပါတဲ့ အလုပ်သမား ၈ ဦး သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်” လို့ ပြောပါတယ်။
လက်တလော အခင်းဖြစ်ပွားတဲ့နေရာမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ဒေသခံတွေရယ်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပရဟိတအသင်းအဖွဲ့တွေက ကူညီနေတယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“လက်ရှိ သေဆုံးသူတွေရော၊ ဒဏ်ရာရတဲ့သူတွေရော ဆေးရုံပို့ဖို့ အကုန်လုံး ဝိုင်းကူညီနေကြတယ်။ ဒဏ်ရာရတဲ့သူတွေကလည်း စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်ကလည်း ပျဉ်းမနား-တောင်ညိုလမ်းမှာ ဇော်လေးနိုင် ဇာတ်အဖွဲ့ကား ချောက်ထဲထိုးကျပြီး ၁၂ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
