ရွာငံမှာ ကျောက်သဲကျင်း ပြိုကျလို့ ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

Author CJ Platform
Categories
Published on May 18, 2026

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ မေလ ၁၇ ရက် မနက် ၁၁ နာရီခွဲက ကျောက်သဲကျင်းပြိုကျရာမှ အလုပ်သမား ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မနေ့မနက် ၁၁ နာရီခွဲက ရွာငံမြို့နယ်၊ ယကြီးကျေးရွာအနီးမှာ ကျောက်သဲကျင်းတူးနေတဲ့ အလုပ်သမားတွေ ကျင်းပြိုကျပြီး အလုပ်သမား ၂ ဦး သေဆုံးခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“နှစ်တိုင်း ကျောက်သဲကျင်းပြိုကျတာ မကြာခဏ ဖြစ်တယ်။ မနှစ်တုန်းကဆို သေတဲ့သူတော့ မရှိဘူး၊ ၄ ယောက် ဒဏ်ရာရတယ်။ ဒီနှစ် သဲကျင်းပြိုကျတာ ၂ ယောက်သေတယ်၊ ၁ ယောက် ဒဏ်ရာရတယ်။ သေတဲ့သူတွေက ရွာခံတွေ” လို့ ပြောပါတယ်။

 

ကျောက်သဲကျင်း ပြိုကျပြီးနောက် ပိမိနေတဲ့ အလုပ်သမား ၃ ဦးကို ရွာငံမြို့နယ်မီးသတ်က အချိန်မီ ကယ်ဆယ်ခဲ့သော်လည်း ၁ ဦးကိုသာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကယ်ဆယ်ရေးက အချိန်မီ ရောက်ပေမယ့် ကျောက်တွေပိတဲ့အရှိန်​ကြောင့် အလုပ်သမား ၂ ဦး သေသွားတယ်။ ၁ ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒဏ်ရာရတဲ့သူကို ပင်းတယဆေးရုံ ပို့ပေးထားတယ်” လို့ ပြောပါတယ်။

 

ကျောက်သဲကျင်းပိ၍ သေဆုံးသူနှစ်ဦးကို မြိုင်ကျေးရွာတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရသူကို ဆေးကုသမှုခံယူရန်အတွက် ပင်းတယမြို့နယ်ဆေးရုံကို ပို့ပေးထားတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ရွာငံမြို့နယ်မှာ ကျောက်သဲကျင်းပြိုကျ၍ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

 

ဓာတ်ပုံ – MSFD