ရန်ကုန်တိုင်းတွင် ငလျင်လှုပ်
ရန်ကုန်တိုင်းမှာ မေလ ၁၈ ရက် မနက် ၈ နာရီ ၃၅ မိနစ်က ကျောက်တန်းမြို့ကို အခြေပြုပြီး လှုပ်ခတ်သွားတဲ့ ငလျင်လှုပ်ခတ်မှုဟာ ပြင်းထန်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ငလျင်လှုပ်ခတ်မှုမှာ ပြည်သူများ အိမ်ပေါ်ကနေ လမ်းထွက်ပြေးကြတဲ့အထိ သိသာတယ်လို့ မြောက်ဥက္ကလာမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ငလျင်လှုပ်တာ အရမ်းသိသာတယ်။ အိမ်ကိုကိုင်ပြီး ဆောင့်လှုပ်လိုက်သလိုပဲ၊ လူတွေလည်း လမ်းပေါ် အကုန်ပြေးဆင်းကြတယ်” လို့ ပြောပါတယ်။
ငလျင်လှုပ်ခတ်မှုမှာ အနည်းငယ်ပြင်းထန်၍ အိုးခွက်များ ပြုတ်ကျတဲ့အထိဖြစ်ပြီး အထပ်မြင့်တိုက်ပေါ်မှ လူများ တိုက်အောက်ကို ပြေးဆင်းရတဲ့အထိ ဖြစ်တယ်လို့ သာကေတမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ငလျင်လှုပ်တာ သိပ်မကြာပေမယ့် အတော်လေး ပြင်းထန်ပါတယ်။ အိုးခွက်ပန်းကန်တွေတောင် ကျတယ်။ အထပ်မြင့်တိုက်ပေါ်မှာနေတဲ့သူတွေ ဘယ်သူမှ အပေါ်မှာမနေရဲဘူး၊ အောက်ကိုဆင်းပြေးပြီး အောက်မှာပဲ နေကြတယ်” လို့ ရှင်းပြပါတယ်။
ရန်ကုန်တိုင်းတွင် မြို့နယ် ၄၅ မြို့နယ်နဲ့ မြို့ပေါင်း ၂၀ ရှိပြီး အကုန်လုံးနီးပါး ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံရပြီး လက်ရှိအခြေအနေအထိ ထိခိုက်ဒဏ်ရာရသူသတင်း မကြားသေးကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရန်ကုန်တိုင်းတစ်တိုင်းလုံးက မြို့နယ်အကုန်လုံးမှာ ငလျင်လှုပ်တာပါ။ အခုချိန်ထိ ထိခိုက်ဒဏ်ရာရတဲ့သူသတင်း မကြားရသေးဘူး” လို့ ရှင်းပြပါတယ်။
ငလျင်ဟာ ကျောက်တန်းမြို့အနီး ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၂ အဆင့်ဖြင့် လှုပ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
