မြင်းမူတွင် ကျေးရွာ ပ.အ.ဖ တာဝန်ခံအား စစ်ကိုင်းခရိုင် ကွပ်ကဲရေးမှူးအဖွဲ့က ဖမ်းဆီးရိုက်နှက်၊ ဖြစ်စဉ်အပေါ် နှစ်ဖက်အယူအဆ ကွဲလွဲနေ

Author CJ Platform
Categories
Published on May 18, 2026

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မူးမန္တလေးကျေးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) တာဝန်ခံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စစ်ကိုင်းခရိုင် ကွပ်ကဲရေးမှူးနဲ့ ရဲဘော်တွေက ဖမ်းဆီးကာ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဒေသခံသတင်းအရင်းမြစ်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။

 

ရိုက်နှက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မူးမန္တလေးရွာ ပ.အ.ဖ တာဝန်ခံ ဦးစိုးလင်းအောင်က ၎င်းအား ဧပြီ ၁၄ ရက် ညပိုင်းမှာ စစ်ကိုင်းခရိုင် ကွပ်ကဲရေးမှူးနဲ့ ရဲဘော်တွေဟာ သူ့ရဲ့နေအိမ်ကို ဝင်ရောက်ဖမ်းဆီးကာ မျက်လုံးအား လက်ဖြင့်နှိုက်ခြင်း၊ သေနတ်ဒင်ဖြင့် ထုခြင်းနဲ့ ခြေထောက်ဖြင့် ကန်ခြင်းတွေ ပြုလုပ်ခဲ့တဲ့အပြင် “မင်းလားကွ ပ.အ.ဖ၊ မင်းတို့ ပ.အ.ဖ တွေက ဘာကောင်တွေလဲ” ဟုဆိုကာ ပြောဆိုရိုက်နှက်ခဲ့တာကြောင့် ဥပဒေအရ အရေးယူပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တိုင်ကြားထားခဲ့တယ်လို့ နီးစပ်သူတွေရဲ့အဆိုအရ သိရပါတယ်။

 

“ဖြစ်စဉ်က ဟုတ်တယ်၊ သွားဖမ်းတုန်းက ခရိုင်ကွပ်ကဲရေးမှူး ပါပါတယ်။ PDF နေခွင့်မပေးဘူး ပြောထားတာကို အဲဒါကြောင့် လုပ်သွားတာတဲ့။ သူကလည်း ဘယ်ထားရဲမလဲ၊ စစ်ကိုင်းမှာ သူ မကူညီဖူးသူမရှိဘူး၊ အလုပ်တကယ်လုပ်တဲ့သူ။ အိမ်တောင် နှစ်ခါ မီးရှို့ခံထားရတာ၊ သူ့အိမ်မို့ လာရှို့တာ” လို့ ဖြစ်စဉ်ကိုသိထားတဲ့ NUG၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဆိုပါဖြစ်စဉ်ဟာ ကျောက်ဆည်ခရိုင်က တပ်ရင်းတစ်ခုကို ကျေးရွာအနီး နေရာချထားပေးပါက စစ်အုပ်စုက ထပ်မံစစ်ကြောင်းထိုးကာ ကျေးရွာကို မီးရှို့ခံရမယ့် စိုးရိမ်ချက်တွေကြောင့် ကျေးရွာအနီး မည်သည့်အဖွဲ့မှ မနေထိုင်စေလိုကြောင်း ပြောဆိုခဲ့ရာမှ အစပြုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

မူးမန္တလေးကျေးရွာအုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောဆိုချက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း (၂) တပ်ခွဲထားစဉ်က စစ်အုပ်စုဟာ MI-17 ၃ စီး၊ MI-35 ၂ စီးဖြင့် ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ပြီး အင်အားအလုံးအရင်းနဲ့ စီးနင်းဝင်ရောက်ကာ ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ သိရပြီး ပထမအကြိမ်မှာ အိမ်ခြေ ၄၂ လုံး၊ ဒုတိယအကြိမ်မှာ အိမ်ခြေ ၈၄ လုံး၊ စုစုပေါင်းအိမ်ခြေ ၁၂၆ လုံး မီးရှို့ဖျက်ဆီးခံရပြီး ကျေးရွာ ပ.အ.ဖ ရဲ့ တပည့်ဖြစ်သူ ၃ ဦးကိုလည်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

 

အထက်ပါ မူးမန္တလေးကျေးရွာ ပ.အ.ဖ ကို ရိုက်နှက်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကိုင်းခရိုင် ကွပ်ကဲရေးမှူးက “PDF ဆိုရင် လက်မခံဘူး၊ PDF စခန်းရှိရင် ရွာပျက်တယ်” လို့ ဆိုတဲ့ မူးမန္တလေးကျေးရွာ ပ.အ.ဖ တာဝန်ခံက ပြောဆိုတယ်ဆိုတဲ့ တပ်ရင်းဘက်က တိုင်စာတက်လာတာကြောင့် သွားရောက်ဖမ်းခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

 

“NUG ပြည်ထဲရေးအောက်က အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်က ဒီလိုစကားမျိုး ပြောတာကို မခံနိုင်လို့ သွားဖမ်းတာပါ။ ဖမ်းတဲ့အချိန်မှာ ရဲဘော်တွေက ပေါက်ကွဲပြီး ရိုက်နှက်လိုက်တာကြောင့် ခေါင်းကွဲသွားတာ ရှိပါတယ်” လို့ ခရိုင်ကွပ်ကဲရေးမှူးက CJ Platform ကို ပြောပါတယ်။

 

ရိုက်နှက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးလည်း မှားယွင်းမှုရှိသည်ဟု ယူဆတာကြောင့် မေလ ၂ ရက် (ကဆုန်လပြည့်ကျော် ၂ ရက်) မှာ ကန်တော့ပွဲ၊ အဝတ်အထည်နဲ့ ငွေကျပ် ၁၅ သိန်းဖြင့် သွားရောက်တောင်းပန်ခဲ့သော်လည်း ပ.အ.ဖ တာဝန်ခံက ငွေကြေးကို လက်မခံဘဲ ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

 

“ဒီလိုဖြစ်သွားလို့ ကျွန်တော်တို့ဘက်က မှားတယ်လို့ ယူဆပြီးတော့ ကန်တော့တောင်းပန်ပါတယ်။ လက်ခံပေးပါဆိုပြီး ကန်တော့လိုက်တယ်။ ကျွန်တော်တို့က တော်လှန်ရေးလုပ်နေကြတဲ့ မိကောင်းဖခင် သားသမီးတွေ ဖြစ်တယ်၊ ကျွန်တော်တို့ အဲဒီလောက်ထိ မရိုင်းဘူးဆိုပြီးတော့ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာအရ တောင်းပန်တာ ဟုတ်တယ်၊ ကြေအေးပေးပါလို့ ပြောတာ မဟုတ်ဘူးလို့တော့ သူတို့ နားလည်အောင်တော့ ပြောခဲ့တယ်” လို့လည်း ခရိုင်ကွပ်ကဲရေးမှူးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာ အဆိုပါရိုက်နှက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံး (စုံခုံ) ဖွဲ့စည်းကာ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ သတင်းများ ထွက်ပေါ်နေပေမယ့် NUG ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးတဲ့အပြင် CJ Platform အနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ပြီးခဲ့တဲ့ မေလ ၁၅ ရက်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်မှုတော့ မရရှိသေးပါဘူး။

 

အခုလို တော်လှန်ရေးကာလအတွင်း အုပ်ချုပ်ရေးနဲ့ စစ်ရေးတာဝန်ရှိသူတွေအကြား ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဟာ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေအကြား ဝေဖန်မှုတွေလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။

 

ဓာတ်ပုံ – ပေးပို့ 

ပုံစာ – ရိုက်နှက်ခံရသူ ပအဖတာဝန်ခံကို မြင်ရပုံ