ဆောမြို့က စစ်ကြောင်း ချင်းတောင်ပိုင်း ကန်ပက်လက်မြို့နယ်ထဲသို့ စတင်ဝင်ရောက်လာ
ဆောမြို့ကို မေလ ၁၄ ရက်က စတင်ဝင်ရောက်ခဲ့တဲ့ လောင်းရှည် ကပစ (၂၁) က ထုတ်နုတ်အင်အား ၂၀၀ ဝန်းကျင် စစ်ကြောင်းဟာ ဒီကနေ့ မေ ၁၈ ရက်မှာ ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်ထဲက ဒေသအခေါ် ခြောက်မိုင်ရွာမှာ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
“ဆောမြို့ပေါ်မှာက အရင်က အထိုင်ချထားတဲ့ စစ်တပ်အင်အား ၁၀၀ ဝန်းကျင်လောက်ပဲ ကျန်ခဲ့မယ်ထင်တယ်။ ကင်းလှည့်တာတွေ ရှိတယ်လို့တော့ ကြားရတယ်” လို့ စစ်ကြောင်းလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
ဆောမြို့နဲ့ ကန်ပက်လက်မြို့ဟာ ၁၂ မိုင်ခန့်သာ ကွာဝေးပြီး အဲဒီစစ်ကြောင်းကို ဒီကနေ့ မေ ၁၈ ရက် မနက်ပိုင်းမှာ Y-12 နဲ့ ခဲယမ်းရိက္ခာထုပ် ၉ ထုပ် လာချပေးခဲ့တယ်လို့ သိရပါတယ်။
“အစကတော့ မင်းတပ်ကနေ စစ်ကြောင်းထိုးပြီး ကန်ပက်လက်ကို ပြန်ယူမယ်ထင်တာ။ အခု စစ်ကြောင်းက သုံးကြောင်းခွဲ လှုပ်ရှားသလိုဖြစ်နေတာ။ ဆိပ်ဖြူ ကပစ ကနေ ထပ်ထွက်လာတဲ့အင်အားတွေ ရှိနေပြန်တော့ ခန့်မှန်းလို့မရဘူး ဖြစ်နေတယ်” လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိတွင် ကန်ပက်လက်မြို့နယ်ကို ချင်းပြည်သူ့အစည်းအရုံး/ချင်းကာကွယ်ရေးတပ်မတော် (CPU/CPA) က ထိန်းချုပ်ထားပြီး CPU/CPA အနေနဲ့ စစ်ရေးသတင်းတွေကို လိုအပ်ပါက ထုတ်ပြန်သွားမည်ဖြစ်ပြီး စစ်ရေးအခြေအနေ အသေးစိတ်ကို ပြောကြားမှာမဟုတ်ဘူးလို့ အထွေထွေအတွင်းရေးမှူး ကိုယောမာန်က ပြောပါတယ်။
မကွေးတိုင်း၊ ဆောမြို့နယ်ထဲက တပြင်းကျေးရွာကို ရောက်ရှိလာတဲ့ စစ်ကြောင်းဟာ ယခုထိ ကျောက်ထုမြို့ကို ရောက်ရှိခြင်းမရှိသေးဘဲ ကျောက်ထု အမတ ၃၆၈ က စစ်ကြောင်းဟာလည်း မေလ ၁၈ ရက် မနက် ၉ နာရီခန့်တွင် အရှေ့ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာတယ်လို့လည်း သိရပါတယ်။
အဲဒီ ကျောက်ထုအမြောက်တပ် အမတ ၃၆၈ မှ စစ်သားနဲ့ ရဲ ပူးပေါင်းစစ်ကြောင်းဟာ အင်အား ၂၀၀ ဝန်းကျင်နဲ့ ကျောက်ပျဉ်၊ ငလွန်း ကျေးရွာတွေကနေ ကျောက်မရွာအထိ ရွေ့လျားလာပြီး ဒရုန်းလက်နက်တွေပါ သယ်ဆောင်လာတယ်လို့ သိရပါတယ်။
“တပြင်းက စစ်ကြောင်းဆီ စစ်ကူသွားတယ်လို့ ထင်ရတာပဲဗျ။ တပြင်းကစစ်ကြောင်းက တပြင်းမှာပဲ ရှိနေသေးတယ်။ သူတို့က ဒရုန်းတွေ၊ အဆင့်မြင့်နည်းပညာတွေနဲ့ လူရော လက်နက်အင်အားရော သာလွန်အင်အားသုံးနေတာ” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုတပ်က ဆောမြို့နယ်တွင်းမှာ အင်အားအများအပြားသုံးပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေဖို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြည်သူများအနေနဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းနဲ့ လွတ်နိုင်သမျှ လွတ်အောင်ရှောင်ရှားပြီး မရှောင်ရှားနိုင်သူများအနေနဲ့လည်း ၎င်းတို့နဲ့ တတ်နိုင်သမျှ ဝေးဝေးနေခြင်း၊ လက်နက်ကြီးဒဏ်ခံနိုင်သော ဗုံးခိုကျင်းများမှာ နေထိုင်ခြင်းတို့ ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဆော-လောင်းရှည်၊ ဆော-ကျောက်ထု လမ်းပိုင်းများအား ကျန်းမာရေးအရ အလွန်အရေးပေါ်ကိစ္စမှအပ ဖြတ်သန်းသွားလာခြင်း မပြုကြပါရန်နဲ့ မလွဲသာမရှောင်သာ ဖြတ်သန်းကြရမည်ဆိုပါက သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ချိတ်ဆက်ပြီးမှသာ သွားလာကြရန်လည်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
