မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာအနီးတွင် ရိုဟင်ဂျာ ၄၂ဦး ဖမ်းဆီးခံရပြီး သုံးဦးကိုဗစ်ကူးစက်ခံထားရ

Author လင်းခိုင်
Categories
Published on Sep 19, 2022

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာတွင် ရိုဟင်ဂျာ ၄၂ဦး ဖမ်းဆီးခံခဲ့ရပြီး သုံးဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၉ရက် နံနက် တစ်နာရီ တွင် ငါးမြင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး၏ ဆန်စက်အနီး အမည်မသိအမျိုးသမီးတစ်ဦးကို တွေ့ရှိရခြင်းကြောင့် စစ်ဆေးရာ ရိုဟင်ဂျာများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ မြောင်းမြရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများသည် မ၁၆ဦးနှင့် ကျား၂၆ဦးဖြစ်ပြီး မြောင်းမြရဲစခန်းသို့ပို့ဆောင်ပြီးနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်ရောဂါရှိမရှိစစ်ဆေးရာ ကျားတစ်ဦး မနှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“သုံးဦးမှာ ကိုဗစ်ပိုးတွေ့တယ်ဆိုတာသာ ပြောတာ၊ ကျန်သူတွေကို ကွာရတင်းထားတာမျိုး စောင့်ရှောက်ပေးတာမျိုး မလုပ်ဘဲ ဖမ်းထားတယ်၊ သွားဖမ်းတဲ့ ရဲတွေကိုသာ ကျန်းမာရေးစောင့်ရှောက်မှုပေးတာ၊ လဝကက အမှုဖွင့်မယ်လို့ ကြားတယ်၊ သူတို့ကို ခေါ်ဆောင်လာသူတွေကိုတော့ မမိဘူးလို့ ကြားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူ အများစုမှာ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများမှ ထွက်ခွာလာခဲ့သူများ ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းတွင်လည်း ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့ နွယ်ချိုချောင်းကျေးရွာအနီးတွင် ရိုဟင်ဂျာ ၃၁ဦး ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဩဂုတ်လ ၂၉ရက်နေ့တွင်လည်း ဘိုကလေးမြို့နယ် အမာမြို့ ဂယက်ကြီးကျွန်းအနီးတွင် စက်လှေပျက်ကာ မျောပါလာသည့် ရိုဟင်ဂျာ ၆၅ဦး ဖမ်းဆီးခံခဲ့ရပြီး ၆ဦးမှာ အစာရေစာပြတ်လပ်မှုကြောင့် ကျန်းမာရေးထိခိုက်ကာ သေဆုံးခဲ့ရပြီး ကျန်ရှိ ဖမ်းဆီးခံရသူများကိုလည်း စစ်ကောင်စီမှ ကျန်းမာရေးကောင်းစွာ စောင့်ရှောက်ပေးခြင်း မရှိဘဲ ကျန်းမာရေးဆိုးဝါးနေသူများကို သံကြိုးများချည်နှောင်ကာ ဆေးဝါးကုသမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Related News

Depend on news