ဝက်လက်မြို့နယ်တွင် တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ပတ်သက်၍ လုပ်ငန်းစဉ်များအတိုင်း ဆောက်ရွက်လျက်ရှိသည်ဟု NUG ဆို

Author မင်းထက်
Categories
Published on Jan 29, 2024

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ယင်းမတောရွာ ကျေးရွာပကဖအဖွဲ့ဝင် ကိုကျောက်ဆူးကို ရွှေဘိုခရိုင် တပ်ရင်း (၁) ခေါင်းဆောင်က အမိန့်ပေးဖမ်းဆီးခဲ့ပြီးနောက် ထွက်ပြေးရန်ကြိုးစားခြင်းကြောင့် ပစ်သတ်ခဲ့သည်ဟု ဆိုသည့် အမှုနှင့် ပက်သက်၍ လုပ်ငန်းစဉ်များအတိုင်း ဆောက်ရွက်လျက်ရှိသည်ဟု NUG၏ ကာကွယ်ရေး ၀န်ကြီးဌာနက ဆိုသည်။

ယခုလ ဇန်နဝါရီ ၁၇ ရက်နေ့က ရွှေဘိုခရိုင် တပ်ရင်း ၁ ခေါင်းဆောင် ကိုဒူချွန်စိုင်းသူက ယင်းမတောရွာ ကျေးရွာပကဖအဖွဲ့ဝင် ကိုကျောက်ဆူး ကို အမိန့်ပေးဖမ်းဆီးခိုင်းခဲ့ပြီး ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ကိုကျောက်ဆူးအလောင်းကို ဒဏ်ရာများနှင့် ပြန်လည်ရရှိခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံတစ်ဦးက  ​CJ Platform သို့ ပြောသည်။

 

” ဖြစ်စဥ်က ၀က်လက်မြို့နယ် ၊ ယင်းမတောကျေးရွာ ပကဖ ခေါင်းဆောင် မြင်းဖြူရှင် ကိုဒိုးလေးရဲ့   တပည့်  ကိုကျောက်ဆူး အသက် ၂၁ ကျော်လောက်ပေါ့။ အသတ်ခံရတာက ကျေးရွာက ၁၂ နှစ်အရွယ်ကလေးကို အမည်မသိ မျက်နှာဖုံးစွပ်ထားတဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ဦးက စလစ်မိုင်းခွဲဖို့ ကလေးကို ခိုင်းတယ်တဲ့။ အဲဒါကို ရင်း ၁ (ရွှေဘိုခရိုင် တပ်ရင်း၁) က ရဲဘော်တွေကသိပြီး ဒါ ကိုကျောက်ဆူးလုပ်တာဆိုတဲ့ စွပ်စွဲချက်နဲ့ ဒူချွန်စိုင်းသူက ဖမ်းဖို့အမိန့်ပေးလို့ ဖမ်းသွားတယ်။အဲ့မှာ လက်လွန်သွားတာပေါ့၊ လူမှားသတ်ဆိုပြီး အမှုဖွင့်တာပေါ့ “ဟု ၄င်းကပြောသည်။

 

ဖမ်းဆီးခြင်းခံရသော ကိုကျောက်ဆူးသည် ဇန်နဝါရီ ၂၁ ရက်နေ့က ထွက်ပြေးရန်ကြိုးစားခြင်းကြောင့် ပစ်သတ်လိုက်ရခြင်းဖြစ်ကြောင်းကို ယင်းမတောရွာ ပကဖ ခေါင်းဆောင်ထံသို့ ရွှေဘိုခရိုင်တပ်ရင်း ၁ က အကြောင်းကြားပြီး အလောင်းကို ပြန်ပေးခဲ့ကြောင်း သိရသည်။

 

ကိုကျောက်ဆူး၏ အလောင်းကို မြင်တွေ့ရချိန်တွင် နဖူး ၊ရင်ဘတ် ၊နောက်ကျော စသည့်နေရာများတွင် ဒဏ်ရာများရှိကြောင်း ၊ ကိုကျောက်ဆူးသည် ထွက်ပြေးခြင်းကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ နှိပ်စက်ညှင်းပန်းခဲ့ရသောကြောင့် သေဆုံးခြင်းသာ ဖြစ်ကြောင်း ဒေသခံများက မှတ်ချက်ပြုသည်။

 

ထို့အပြင် ကိုကျောက်ဆူးကို သေဆုံးခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ရွှေဘိုခရိုင် တပ်ရင်း ၁ နှင့် ဝက်လက်မြို့နယ် ပကဖခေါင်းဆောင် တို့က လုပ်ဆောင်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

 

ရွှေဘိုခရိုင် တပ်ရင်း ၁ ခေါင်းဆောင်ဒူချွန်စိုင်းဆိုသူကို CJ Platform မှ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသောကြောင့်  သီးခြား အတည်မပြုနိုင်ခဲ့ပေ။

 

ယခုဖြစ်စဥ်နဲ့ ပက်သက်၍ အမှန်တရားတစ်ခု ရရှိလိုကြောင်း ၊ ထို့နောက် ဝက်လက်မြို့နယ်အတွင်းတွင် ဒူချွန်စိုင်းသူ ဦးဆောင်သည့် ရွှေဘိုခရိုင်တပ်ရင်း (၁)မှ သတ်ဖြတ်ခြင်း ကြုံတွေ့ခဲ့ရသည့် ဒေသခံအချို့လည်း ရှိသေးကြောင်း ယင်းဖြစ်စဉ်များအား  NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ တိုင်ကြားထားသော်လည်း ယခုထိ မထူးခြားသေးကြောင်းကိုလည်း ဒေသခံများက ပြောသည်။

 

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေ (ဒုအတွင်းဝန်)ထံ  ဆက်သွယ်မေးမြန်းခဲ့ရာ ” ဝက်လက်မြို့နယ်၊ ယင်းမတောရွာ ကျေးရွာ ပကဖအဖွဲ့ဝင် ကိုသူရနောင်(ခ) ကိုကျောက်ဆူး၏ အမှုနှင့်ပက်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း ကာကွယ်ရေးဝန်ကြီးဌာန ၊တိုင်ကြားမှုများဆိုင်ရာ ကော်မတီမှ ဆက်လက်ဆောင်ရွက်နေပါကြောင်း ” ပြန်လည် ဖြေကြားသည်။

 

ရွှေဘိုခရိုင် ၊ ဝက်လက်မြိုနယ်ထဲတွင် မတရား လူသတ်မှုဖြစ်စဉ်များ ဖြစ်ပွားနေသော်လည်း မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ အနေဖြင့် အရေးယူမှု အားနည်းလျက်ရှိကြောင်း ၊ အမှူဖြစ်စဥ် များနှင့်ပက်သက်၍ အမှန်တရား ရရှိစေရန် NUGမှ  ဆောင်ရွက်ပေးမှုကို အမြန်လိုလားလျက်ရှိကြောင်းကို ဒေသခံပြည်သူများက ပြောသည်။

 

ဓာတ်ပုံ – ပေးပို့