စစ်ကောင်စီ ဗုံးဒဏ်ကြောင့် ပြာပုံအတိဖြစ်သွားသည့် ရမ်းဗြဲမြို့

Published on Jan 29, 2024

ပြည်တွင်းစစ်တွင် လေယာဉ်ဗုံးမကြဲရ၊ လက်နက်အင်အားအလွန်အကျွံမသုံးရဟု နိုင်ငံတကာဥပဒေစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များရှိသည်။ သို့သော် ထိုသတ်မှတ်ချက်များကို မြန်မာနိုင်ငံက စစ်ကောင်စီတပ် အထက်အရာရှိများက မသိကျိုးကျွံပြု၍ အမိန့်ပေးသကဲ့သို့ မသိသည့် လက်အောက်ငယ်သားများက ထမ်းဆောင်လေသည်။

 

ကမ္ဘာပေါ်က စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး လက်ချိုးရေ၍ရသော စစ်တပ်အချို့တွင် ပါဝင်သည့် စစ်ကောင်စီ စစ်တပ်သည် မစားရသည့် အမဲ သဲနဲ့ပတ်သည့်အလား ၎င်းတို့ အာဏာကင်းမဲ့သွားသည့် နေရာဒေသများကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး အစရှိသည့် လက်နက်အလွန်အကျွံအသုံးပြု၍ ပြာကျသည်အထိ တိုက်ခိုက်လေတော့သည်။

 

ကရင်နီ(ကယား)ပြည်နယ်က လွိုင်ကော်မြို့၊ ချင်းပြည်နယ်က ထန်တလန်မြို့တို့အပြင် ယခု ရခိုင်ပြည်က ရမ်းဗြဲမြို့သည်လည်း အပါအဝင်ဖြစ်လာပေပြီ။

 

ထိုသို့ လက်နက်အလွန်အကျွံသုံးစွဲမှုကြောင့် မြို့ခံအားလုံးထွက်ပြေးတိမ်းရှောင်ရပြီး တစ်မြို့လုံး ပြာကျပျက်စီးခဲ့ရသည်။

 

ရခိုင်ပြည်မြောက်ပိုင်းက ရမ်းဗြဲမြိုအတွင်း တိုက်ပွဲတစ်စုံတစ်ရာမဖြစ်ဘဲ မြို့တွင်းသို့ ဗုံးမျိုးစုံသုံး၍ လေကြောင်းမှ စစ်ကောင်စီတပ်ဘက်က ကြဲချနေသည်မှာ ရက်သတ္တပတ်တစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်သည်ဟု ယင်းဒေသခံများက ဆိုသည်။

 

စစ်ကောင်စီတပ်သည် မြို့ပျက်စီးစေရန်ရည်ရွယ်၍ ဖျက်အားပြင်း ပေါင် ၅၀ဝ ဗုံးများကို အဓိကအသုံးပြုကြဲချနေကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

 

” စစ်ကောင်စီ ဗုံးကြဲလို့ ရမ်းဗြဲတစ်မြို့လုံး ပြာကျသွားပါပြီ” ဟု စစ်ကောင်စီဗုံးဒဏ်ခံနေရသည့် ရမ်းဗြဲမြို့ခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

၎င်းက ဆက်လက်၍ “အခုလည်း နေအိမ်တွေက မီးလောင်နေတုန်းပဲ။ မြို့ထဲက ချောင်းတံတားဆိုရင် ကျိုးပဲ့ ပျက်စီးသွားပြီ။ မီးလောင်နေတာ လူနေအိမ်တွေသာမက မြို့မဈေး၊ ဆေးရုံ၊ စာသင်ကျောင်း အားလုံးလည်း ပျက်စီးသွားပြီ” ဟု ပြောသည်။

 

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား နိုဝင်ဘာ ၁၃ ရက်မှစတင်၍ တကြော့ပြန်တိုက်ပွဲများအပြင်းအထန်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

ထို့နောက် AA ဘက်က စစ်ကောင်စီဗျူဟာကုန်းကြီးများအပါအဝင် စခန်းကြီး/ငယ် ၁၅၀ နီးပါးကို သိမ်းပိုက်ရရှိခဲ့သည့်အပြင် ပြီးခဲ့သည့်ရက်ပိုင်းက ပေါက်တောမြို့ကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်သည်ဟု AA ထုတ်ပြန်ထားသည်။ ထို့ပြင် ချင်းပြည်ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထားပြီဖြစ်သည်ဟု ဇန်နဝါရီ ဒုတိယပတ်အတွင်း AA က ပြောဆိုထားသည်။

 

ထိုသို့ AA ဘက်က ရခိုင်ပြည်အတွင်းအပါအဝင် ၎င်းတို့တပ်စွဲရာနေရာများတွင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေရာတွင် ရမ်းဗြဲမြို့နယ်လည်း အပါအဝင်ဖြစ်သည်။

 

ထို့ကြောင့် စစ်ကောင်စီတပ်ဘက်က ယခုနှစ် ဇန်နဝါရီလ ၂၄၊ ၂၅၊ ၂၆၊ ၂၇ နှင့် ၂၈ ရက်တို့တွင် လေကြောင်းမှနေ၍ ရမ်းဗြဲမြို့ထဲသို့ ဗုံးကြဲတိုက်ခိုက်ခြင်းအပါအဝင် စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည့်အတွက် ဈေး၊ ဘုန်းတော်ကြီးကျောင်းတို့အပါအဝင် လူနေအိမ်အမြောက်အများပျက်စီးခဲ့ရသည်။

 

ရက္ခိုင့်တပ်တော် AA ဘက်ကမူ မြို့တွင်းတိုက်ပွဲများကို ရှောင်ရှား၍ တိုက်ခိုက်သည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီတပ်ဘက်ကမူ တိုက်ပွဲမဖြစ်သော လူနေကျေးရွာများ၊ မြို့တွင်းနှင့် အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့ ညီနောင်မဟာမိတ်အဖွဲ့ထုတ်ပြန်ချက်အတွင်း ထည့်သွင်းရေးသားထားသည်။

 

လက်ရှိ ရမ်းဗြဲမြို့အနီးတစ်ဝိုက်ရှိ တောတောင်များတွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီမှ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် မြို့နေလူအားလုံး ဘေးကင်းရာနေရာများနှင့် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

 

ကမ္ဘာ့စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးစစ်တပ်များထဲမှတစ်ခုအပါအဝင်ဖြစ်သော စစ်ကောင်စီတပ်သည် ရမ်းဗြဲမြို့တွင်းသို့ ဇန်နဝါရီ ၂၆ ရက်နေ့ ည‌ပိုင်းမှစတင်၍ လေကြောင်းမှ ဓာတုဓာတ်ငွေ့အဆိပ်ဗုံးများ ကြဲချမှုကြောင့် ဒေသခံအချို့ ခေါင်းမူးဝေခြင်းနှင့် ပျို့အန်ခြင်းတို့ဖြစ်ပေါ်နေကြောင်း ယင်းသို့ခံစားရသူများက CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီသည် ဇန်နဝါရီလ ၂၆ ရက် ည ၁၁ နာရီကျော်မှ ဇန်နဝါရီ ၂၇ ရက်နေ့အထိ လေကြောင်းမှ ဗုံးဆက်တိုက်ကြဲချခဲ့ပြီးနောက် ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီကျော်တွင် ဓာတုဓာတ်ငွေ့အဆိပ်ဗုံးကို ကြဲချခဲ့ခြင်းဖြစ်ကြောင်း မြို့အနီးအနားရှိ မျက်မြင်တွေ့ရှိသည့်ဒေသခံများက ပြောဆိုသည်။

 

“ရမ်းဗြဲမြို့ကို ဂျက်လေယာဉ်ထင်တယ်။ အဆိပ်ငွေ့ဗုံးနဲ့လာကြဲတာ။ မြို့ထဲမှာတော့ ‌လူတွေမရှိတော့ဘူး။ အကုန်လုံးက စစ်ရှောင်သွားကြပြီ။ လူတွေရှိရင် အဆိပ်ငွေ့မိလို့ သေနိုင်တယ်။ မြို့ပေါ်နဲ့ နီးတဲ့ သူတွေက အဆိပ်ငွေ့မိလို့ ခေါင်းမူးတာတွေ၊ ပျို့အန်တာတွေဖြစ်နေတယ်။ အဝတ်ကို ရေစွပ်ပြီးတော့ ပါးစပ်နဲ့ နှာခေါင်းကို ပိတ်ထားရတယ်။ တချို့ကတော့ ထွက်ပြေးကြတယ်” ဟု မျက်မြင်တွေ့ရှိသူ ရမ်းဗြဲဒေသခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထိုသို့ စစ်ကောင်စီ၏ ဗုံးဒဏ်ကြောင့် အရပ်သားထိခိုက်မှုများရှိခဲ့ပြီး အသက် ၆၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦး ခြေထောက်ကျိုးသွားကြောင်း သိရသည်။

 

ထိုသို့ စစ်ကောင်စီ၏ ငါးရက်တာ ဗုံးဒဏ်ကြောင့် ရခိုင်ပြည်မြောက်ပိုင်းက ရမ်းဗြဲမြို့လေးသည် ပြာပုံအတိဖြစ်သွားခဲ့ရပြီဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။