တိုက်ပွဲရှိ ဒေသများသို့ပြေးဆွဲနေသည့် လေယာဉ်လက်မှတ် မှောင်ခိုဈေးကွက်ဖြစ်ပေါ်၊ သတ်မှတ်ဈေးထက် သုံးဆခန့်ပိုများ

Author ကိုထားဝယ်၊ ကိုထက်
Categories
Published on Jan 26, 2024

တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေသည့် တိုင်းနှင့် ပြည်နယ်များသို့ ပြေးဆွဲနေသည့် လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်များ မှောင်ခိုဈေးကွက်ပေါ်ပေါက်နေကြောင်း ခရီးသည်များထံမှ သိရသည်။

 

မြေပြင်တိုက်ပွဲများကြောင့် အန္တရာယ်ရှိသည့်အတွက်ကြောင့်လည်းကောင်း၊ စစ်ကောင်စီက ရေလမ်း၊ ကုန်းလမ်းတို့ကိုပိတ်ဆို့ထားခြင်းကြောင့်လည်းကောင်း လေကြောင်း အားပြုသွားလာနေရသည့် ခရီးသည်များအတွက် တစ်ပူပေါ်နှစ်ပူဆင့်ဆိုသကဲ့သို့ လေယာဉ်လက်မှတ်မှာလည်း ဝယ်လိုသည့်အတိုင်းဝယ်၍မရဘဲ မှောင်ခိုဈေးကွက်တွင်သာ ဈေးကြီးပေး ဝယ်ယူနေရကြောင်း ၎င်းတို့က ဆိုသည်။

 

“ လေယာဉ်လက်မှတ်တွေဈေးကြီးချက်ကတော့ ရက်စက်တယ်။ ကျွန်မတို့တောင် စစ်မှုထမ်းမလို့ အဲဒီဈေးနဲ့ရတာ။ ချက်ချင်းဝယ်လို့ရတာ။ မှောင်ခိုဈေးကွက်မှာ ချက်ချင်းသွားချင်တယ်ဆိုတစ်ဈေး၊ ဘွတ်ကင်ဈေးက တစ်ဈေးလို့ပြောတယ်” ဟု ကချင်ပြည်နယ်မှ ရန်ကုန်သို့ လေယာဉ်ဖြင့် လာရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

 

၎င်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ကချင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ပုဂ္ဂလိကလေကြောင်းခရီးစဉ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခင်က လက်မှတ်တစ်စောင် ကျပ်ရှစ်သောင်းခန့်သာရှိခဲ့ရာမှ ယခုအခါ လက်မှတ်တစ်စောင် ကျပ် နှစ်သိန်းကျော်ပေးခဲ့ရကြောင်း ၎င်းက ဆိုသည်။

 

“ ပြန်တဲ့အချိန် ဘယ်လောက်ထပ်တက်ဦးမလဲမသိဘူး။ အလာတောင် အဲဒီဈေးဆို အပြန် ပိုဈေးကြီးမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။

 

ထို့ပြင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ-ရန်ကုန် လေယာဉ်လက်မှတ်ခများမှာလည်း ဈေးနှုန်းမြင့်တက်နေပြီး မှောင်ခိုဈေးကွက်များ ပေါ်ပေါက်နေကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနထံမှ သိရသည်။

 

အပြန် လေယာဉ်လက်မှတ်ခမှာ တစ်ဦးလျှင် ပုံမှန်ဈေးနှုန်းထက် မှောင်ခိုဈေး သုံးဆများသည်အထိ ဈေးပေါက်နေကြောင်း လက်မှတ်အရောင်းဌာနထံမှ သိရသည်။

 

စစ်တွေမှ ရန်ကုန်သို့ လေယာဉ်လက်မှတ်ခ ပုံမှန်ဈေးနှုန်းမှာ တစ်ဦးလျှင် ကျပ်နှစ်သိန်းသာရှိသော်လည်း မှောင်ခိုဈေးကွက်တွင်မူ တစ်ဦးလျှင် ကျပ်ခြောက်သိန်းအထိရှိနေသည်ဟု လေယာဉ်လက်မှတ်အရောင်းဌာနမှ အမည်မဖော်လိုသည့်ဝန်ထမ်းတစ်ဦးက ပြောသည်။

 

“ပုံမှန်အတိုင်းဆို လေးလပိုင်း(ဧပြီလ)ကုန်အထိ လက်မှတ်က ပြည့်နေပြီ။ နောက်ပြီး လုံခြုံရေးအခြေအနေကြောင့် လူတိုင်းကို ပေးဖြတ်တာမဟုတ်ဘူးလေ။ ချက်ချင်းလက်ငင်း ရန်ကုန်ပြန်ချင်တယ်ဆို (ကျပ်)ခြောက်သိန်းပေါ့။ အဲဒါဆို လက်မှတ်ချက်ချင်းရတယ်” ဟု ၎င်းက ပြောသည်။

 

အဆိုပါ လက်မှတ်မှောင်ခိုဈေးကွက်ကို စစ်ကောင်စီတပ်၏ အရာရှိကတော်များက ကြိုးကိုင်လုပ်ဆောင်နေဖွယ်ရှိသည်ဟု စစ်တွေ-ရန်ကုန်လေယာဉ်လက်မှတ်ဝယ်ယူခဲ့သူများက ဆိုသည်။

 

“ကျွန်တော်တို့အသိ စစ်တွေကနေ ဒီကို ချက်ချင်းပြန်လာချင်လို့ လက်မှတ်ဖြတ်တော့ အဲဒီလိုဈေးနဲ့ လက်မှတ်ဖြတ်ရတာပါပဲ။ ဗိုလ်မှူးကတော်တွေက လုပ်နေတာလို့လည်း ပြောကြတယ်။ ဘာတွေမှန်း မသိပါဘူး။ ကုန်လမ်း၊ ရေလမ်းပိတ်ထားတော့ လေယာဉ်နဲ့ သွားရတာကိုတောင် အဲဒီလိုဖြစ်နေတယ်” ဟု လက်မှတ်ဝယ်ယူသူတစ်ဦးက ပြောသည်။

 

စစ်ကောင်စီနှင့် ရခိုင်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားသည့်အတွက် လေကြောင်းလိုင်းကိုသာ အားထားနေကြရသည်ဟု ရခိုင်ဒေသခံများက ဆိုသည်။

 

AA နှင့် စစ်ကောင်စီတို့ကြားဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အထိနာနေပြီး ပေါက်တောမြို့နယ်ကို AA အနေဖြင့် အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

 

ဓာတ်ပုံ – MAI

 

ပုံစာ – စစ်တွေလေဆိပ်တွင် တွေ့ရသည့် MAI လေယာဉ်တစ်စင်း