အိုးဘိုထောင်ရှိ နာမကျန်းဖြစ်နေသည့် အကျဥ်းသားများ ဆေးကုသခွင့်မရရှိ

Author ခေတ်နီ
Categories
Published on Jan 23, 2024

မန္တလေး အိုးဘိုထောင်တွင် ဖျားနာနေသည့် အကျဥ်းသားများကို ထောင်အာဏာပိုင်များဖက်မှ ဆေးဝါးကုသခွင့် မပေးကြောင်း အကျဥ်းထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

 

အိုးဘိုထောင်အတွင်းရှိ ဖျားနာနေသည့် အကျဥ်းသားများနှင့် နာတာရှည်ရောဂါ ခံစားနေရသည့် အကျဥ်းသားများကို ထောင်အာဏာပိုင်များဘက်မှ ထောင်တွင်းဆေးကုသမှုမပေးသည့် အပြင် ထောင်ပြင်ပသို့ ထွက်ခွာ ဆေးကုသခွင့်ကိုပါ ပိတ်ပင်ထားခြင်း ဖြစ်သည်။

 

” အဆောင်ထဲမှာရော ဖျားနေတဲ့သူက အများကြီးပဲ အထဲမှာ ဆေးဝါးကုသခွင့်မရလို့ အပြင်ထုတ်ပြီး ကုမယ်ဆိုတော့လည်း အပြင်ထုတ်ခွင့်မပေးဘူး၊ နိုင်ကျဥ်းတွေပဲ မဟုတ်ဘူး တစ်ထောင်လုံးကိုမပေးတာ၊ နေမကောင်းတဲ့သူတွေလဲ အတော်များနေတယ်”ဟု အကျဥ်းထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

 

ထိုအပြင် အဆိုပါ အကျဥ်းထောင်အတွင်းသို့ မိသားစုများမှ ပေးပို့သည့် ဆေးဝါးများကိုလည်း ထောင်အာဏာပိုင်များဘက်မှ ကန့်သတ်ထားပြီး ဆေးဝါးမလုံလောက်မှုများလည်း ရှိနေကြောင်းက သိရသည်။

 

“ထောင်အတိုင်းအတာအနေနဲ့ ထောင်ကြီးဖြစ်တာကြောင့် ပါဆယ်ကနေ ဆေးပေးသွင်းရင်တောင် မလုံလောက်ဘူး ၊ဘာလို့လဲဆိုတော့ ထောင်တွင်းဆေးဝါးက အကန့်အသတ်ပေးသွင်းတဲ့အပြင် ပါဆယ်မလာတဲ့ လူတွေကိုပါ မျှဝေရတာကြောင့် ပြင်ပဆေးဝါးသွင်းရုံနဲ့ မလုံလောက်ဘူး၊ ထောင်မှာပုံမှန်ပေးနေတဲ့ ပါရာနဲ့ စီဗစ်တောင် မရကြဘူး”ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။

 

ထိုသို့ အိုးဘိုထောင်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သတ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNမှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုသိုက်ထွန်းဦးမှလည်း ယခုကဲ့သို့​မှတ်ချက်ပြုထားသည်။

 

“အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေဟာလည်း လူသားတွေ ဖြစ်သည့်အတွက် လူ့အခွင့်အရေး အပြည့်အဝ ရရှိသင့်ပါတယ်။ အခြေခံအခွင့်အရေးတွေဖြစ်သည့် လူသားတိုင်း အသက်ရှင်သန်ခွင့် ရရှိသင့်ပါတယ်(Right to Life)။ ဒီလို အသက်ရှင်သန်ခွင့် ရရှိနိုင်ဖို့ အကျဉ်းထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ လုံလောက်သော ဆေးဝါးကုသစောင့်ရှောက်မှု ပေးရမယ်လို့ ပြောချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

 

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်အတွင်း စစ်ကောင်စီ၏ ကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသည့်

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ဖြစ်စဥ်အား အစာငတ်ခံဆန္ဒပြသည့်အတွက် ရိုက်နက်ခံခဲ့ရသည့် သူများသည်လည်း ထောင်အာဏာပိုင်များထံမှ ဆေးဝါးကုသခွင့်အား ယနေ့အထိ မရရှိသေးကြောင်း သိရသည်။

 

စစ်အာဏာသိမ်းပြီးချိန်မှ စတင်ကာ ယမန်နေ့ ဇန်နဝါရီ ၂၂ရက်နေ့ အထိ စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူဦးရေသည် ၁၉၉၅၂ ဦးအထိရှိနေပြီး ၎င်းတို့အနက် ၈၅၄၄ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏စာရင်းများအရ သိရသည်။

 

ဓာတ်ပုံ – Google