ပုလဲမြို့နယ်မှ စစ်ကောင်စီ တပ်သားတစ်ဦး ယင်းမာပင် တော်လှန်ရေးတပ်ရင်းများထံသို့ လက်နက်နှင့်တကွ လာရောက်ပူးပေါင်း

Author လင်းနွေဦး
Categories
Published on Jan 04, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင် ခရိုင် ပုလဲမြို့နယ် အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်သားတစ်ဦးက လက်နက်ခဲယမ်းများယူဆောင်ကာ တော်လှန်ရေးတပ်ရင်းများ ထံသို့ လာရောက်ပူးပေါင်းခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း-၃,၄,၅,၆ ၏ သတင်းပြန်ကြားရေးအဖွဲ့မှ CJ Platform သို့ ပြောသည်။

 

ယင်းမာပင် ခရိုင် တပ်ရင်း ၃,၄,၅,၆ ရှိ ပူးပေါင်းစစ်ဆင်ရေး နယ်မြေအတွင်း တာဝန်ကျရဲဘော်များ ထံသို့ ပြီးခဲ့သည့် ဇန်နဝါရီ ၂ရက်နေ့တွင် အင်မထီး(ပျူစောထီး)ကျေးရွာ၊ န.မ.ခ အခြေစိုက်၊ အဆရ အမှတ် -၁၂ တပ်ရင်းမှ တပ်သား ရဲနိုင်ဖြိုးမှ လက်နက်ခဲယမ်းများနှင့်တကွ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းတပ်ရင်းများ၏ သတင်းပြန်ကြားရေးအဖွဲ့မှ ပြောသည်။

“ သူပြောတာတော့ ပျူရွာထဲမှာရှိတဲ့ တပ်သားလေး အနည်းငယ်တောင်မှ သူတို့ ကောင်ကောင်းမစီမံနိုင် မအုပ်ချုပ်နိုင်တော့တာရယ်၊ လက်အောက်ငယ်သားတွေအတွက် ဘာမှ ကြည့်မပေးတဲ့အပြင် ဒီတိုင်း သေဖို့ရက် ထိုင်စောင့်နေရသလိုမျိူး​တွေ၊ အနေဆင်းရဲ အစားဆင်းရဲပြီး ဘာမှအဆင်မပြေတော့တာတွေကောကြောင့်ပါ” ဟု တပ်သားရဲနိုင်ဖြိုး အလင်းဝင်ရောက်မှုနဲ့ ပတ်သက်၍ ယင်းမာပင် သတင်းပြန်ကြားရေးအဖွဲ့ မှ CJ Platform သို့ပြောသည်။

 

အဆိုပါ တပ်သားမှ လာရောက်ပူးပေါင်းရာတွင် MA-1 အမျိုးအစား ၁ လက် ၊ကျည်ဘောက် ၃ ခုနှင့်အတူ ကျည် ၆၁ တောင့်အား ယူဆောင်လာခဲ့သဖြင့် ယင်းမာပင် ခရိုင် တပ်ရင်း ၃,၄,၅,၆ ၏ ရန်ပုံငွေများထဲမှ စုပေါင်း၍ ဆုငွေ ကျပ် (၈၀)သိန်း တိတိအား ချီးမြှင့်ခဲ့ကာ လုံခြုံသောနေရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု သတင်းပြန်ကြားရေးအဖွဲ့မှ CJ Platform သို့ ထပ်မံပြောကြားသည်။

 

ယခုကဲ့သို့ လာရောက်ပူးပေါင်းမည့် စစ်ကောင်စီလက်အောက်ခံ မည်သည့်တပ်သားကိုမဆို ယင်းမာပင်ခရိုင် ၃,၄,၅,၆ တပ်ရင်းများမှ နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး ထိုက်သင့်သော ဆုကြေးငွေများ ချီးမြှင့်ပေးသွားမည် ဟုလည်း ၎င်းတပ်ရင်းများ၏ သတင်းပြန်ကြားရေးအဖွဲ့မှ ပြောကြားသည်။