ထောင်ဝင်စီးမည်ဟု ကောလာဟလထွက်ပေါ်အပြီး အင်းစိန်ထောင်ရှိ နိုင်ကျဥ်း ၂၀ ထက်မနည်း လနှင့်ချီ တိုက်ပိတ်ခံထားရ

Author ခေတ်နီ
Categories
Published on Jan 04, 2024

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အင်းစိန်ထောင်အား ဝင်ရောက်စီးနင်းမည်ဟု ကောလာဟလထွက်ပေါ်ပြီးနောက်ပိုင်း ထောင်အာဏာပိုင်များမှ နိုင်ငံရေးအကျဥ်းသား ၂၀ ဦးထက်မနည်းကို ကာလရှည် တိုက်ပိတ်ထားခဲ့ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

 

ထိုသို့တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများသည် နိုဝင်ဘာလ ပထမ အပတ်မှ စတင်ကာ တိုက်ပိတ်ခံထားရခြင်းဖြစ်ပြီး တိုက်ပိတ်ခံရသည့် အကျဥ်းသားများအား ထောင်အာဏာပိုင်များမှ ရိုက်နှက်ခြင်း၊ ဆိုးရွားသည့်အစားအသောက်များ ကျွေးမွေးခြင်းနှင့် တကိုယ်ရေသန့်ရှင်းမှုများပင် လုပ်ခွင့်မပေးကြောင်း သိရသည်။

 

“တိုက်ပိတ်ခံရတဲ့လူတွေကို ရိုက်နှက်တာတွေ အ၀တ်လဲခွင့် မပေးတာတွေ ‌သန့်ရှင်းရေးလုပ်ခွင့် မပေးတာတွေကြောင့် ယားနာတွေ ဖြစ်နေကြတယ်၊ သတင်းတွေ စုံစမ်းပေးတဲ့ အကစ ၀န်ထမ်းတွေပါ အပြစ်ပေးခံရတယ်လို့လဲ သိရတယ်၊ တစ်ထွာကျော်ရုံပဲရှိတဲ့ ဒေါက်တွေကို အမြဲခတ်ထားပြီး အိပ်ချိန်တွေတောင် ဒေါက်တွေနဲ့ပဲ အိပ်ရတယ်လို့ သိရတယ်”ဟု အင်းစိန်ထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်ကဆိုသည်။

 

ထို့အပြင် အဆိုပါ နိုင်ငံရေးအကျဥ်းသားများအား ဘောပင်ကိုင်ဆောင်ခွင့်ပင်မပေးပဲ မိသားစုများနှင့်ပါ အဆက်အသွယ် ဖြတ်တောက်ထား​ကြောင်းလည်း CJ Platformမှ စုံစမ်း သိရှိရသည်။

 

ထိုနည်းတူ အင်းစိန်ထောင် နိုင်ငံရေးသမားများအင်အားစုမှလည်း ယနေ့ ကျရောက်သည့် ၇၆ နှစ်ပြည့်လွတ်လပ်ရေးနေ့သည်လည်း ရွှေရည်စိမ်လွတ်လပ်ရေးနေ့ပင်ဖြစ်ခြင်းကြောင့် စစ်အာဏာရှင်အား တော်လှန်နေကြသည့် အဖွဲ့အစည်းများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း အကျဥ်းထောင်တွင်းမှတဆင့် ထုတ်ပြန်ထားသေးသည်။

 

စစ်အာဏာသိမ်းပြီးချိန်မှစတင်ကာ ယမန်နေ့အထိစစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူဦးရေသည် ၁၉၉၃၀ ဦးအထိရှိနေပြီး ၎င်းတို့အနက် ၈၄၅၇ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏စာရင်းများအရ သိရသည်။