ရန်ကုန်မြို့ရှိ နေရာအချို့တွင် တယ်လီဖုန်းလိုင်းများနှင့် အင်တာနက်များ ယာယီပြတ်တောက်မှု ဖြစ်ပေါ် ၊ စစ်ကောင်စီမှ ဂျန်ပါများ နေရာအနှံ့လိုက်လံ တပ်ဆင်နေခြင်းကြောင့်ဟုဆို

Author စကားဝါ
Categories
Published on Dec 29, 2023

ရန်ကုန်မြို့ရှိ နေရာအချို့တွင် တယ်လီဖုန်းလိုင်းများ ယာယီပြတ်တောက်မှုများ ဖြစ်ပေါ်နေပြီး ဖုန်းကဒ်ဖြင့် အင်တာနက် အသုံးပြု၍ပါ မရရှိသည့် နေရာများ ဖြစ်ပေါ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာ ၂၉ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အလုံမြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် မြို့နယ်အချို့ရှိ နေရာများတွင် တယ်လီဖုန်းလိုင်းများ ယာယီပြတ်တောက်ခြင်း၊ တယ်လီဖုန်းလိုင်းများ ရရှိသော်လည်း ဖုန်းကဒ်ဖြင့် အင်တာနက် အသုံးပြု၍ မရခြင်းများပါ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

“အလုံမှာ MPAက ဖုန်းပဲ ပြောလို့ရတယ် အင်တာနက်သုံးလို့မရဘူး”ဟု အလုံမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

 

ယင်းသို့ ဖြစ်ပေါ်နေရခြင်းမှာ စစ်ကောင်စီမှ ရန်ကုန်မြို့တွင်းရှိ အထပ်မြင့် အဆောက်အဦးအချို့တွင် Drone ဖျက်ကိရိယာ(ဂျန်ပါ)များ လိုက်လံတပ်ဆင်နေခြင်းကြောင့်ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်နေ အမျိုးသားတစ်ဦးက ဆိုသည်။

 

“အရင်က အိမ်မှာ ဖုန်းနဲ့ပဲ လိုင်းသုံးတာ ၊ အဲ့ကောင်တွေ ဘေးတိုက်မှာ ဂျန်ပါလာတပ်သွားပြီးကတည်းက ဖုန်းက ဆက်လို့ပဲရတော့တယ် အင်တာနက် မရတော့ဘူး၊ ဖုန်းလိုင်းလည်း မကောင်းဘူး၊ တစ်ခါတစ်ခါ သူတို့ ဘာလုပ်လည်းမသိဘူး ဖုန်းလိုင်းပါ မရဖြစ်နေတာ၊ တိုက်က အခြားအခန်းတွေလည်း အဲ့သလိုပဲ ဖိုက်ဘာ အင်တာနက်ဆင်ထားတဲ့ အိမ်တွေပဲ ရတယ်”ဟု အဆိုပါ အသက် ၄၀အရွယ်ခန့် အမျိုးသားက ပြောသည်။

 

ရန်ကုန်မြို့ရှိ နေရာအချို့တွင် မြန်မာနက် ဝိုင်ဖိုင်လိုင်းများပါ ပြတ်တောက်နေခဲ့ပြီး စစ်ကောင်စီမှ လူစည်ကားရာနေရာများနှင့် ရုံးဌာနများတွင် တည်ဆောက်ထားသည့် နှစ်ထပ်ဘန်ကာများ အနီးတွင်မူ တယ်လီဖုန်း ဆက်သွယ်ရေး လိုင်းများပါ ပြတ်တောက်မှုဖြစ်နေကြောင်း သိရသည်။

 

“သူတို့မှာထားတဲ့ ဒရုန်းဖျက်တဲ့ဂျန်ပါ အသစ်တွေ ထပ်ရောက်လာပြီးတော့ တပ်နေတာဖြစ်နိုင်တယ်၊ စက်စမ်းချိန်မှာ ယာယီပျက်သွားတာ ဖြစ်နိုင်တယ်၊ ဘယ်လို စက်အမျိုးအစားလည်းတော့ မမြင်ရတော့ မပြောနိုင်ဘူး၊ အမြဲဖွင့်မထားဘဲ လိုအပ်မှ ဖွင့်တာမျိုး ဖြစ်နိုင်တယ်”ဟု PDF တပ်ဖွဲ့ဝင် နည်းပညာကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

 

နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်အား ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ၎င်းတို့ နယ်မြေစိုးမိုးထားနိုင်သည့် ဒေသများတွင် လုံခြုံရေးများ ပိုမိုတင်းကြပ်မှုများ လုပ်ဆောင်နေလျှက်ရှိနေသည်။