လာမည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ အွန်လိုင်းလုပ်ငန်းများကို အခွန်စကောက်မည်၊ ကျပ် သုံးသောင်းမှ ခုနစ်သောင်းအထိ သတ်မှတ်ထား

Author ကိုထားဝယ်
Categories
Published on Dec 29, 2023

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sales)လုပ်ငန်းများကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစတင်၍ မှတ်ပုံတင်ကြေး(အခွန်)စတင်ကောက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သည်။

 

အွန်လိုင်းလုပ်ငန်း မှတ်ပုံတင်စနစ်အတွက် အောက်တိုဘာ ၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ  အခွန်ကင်းလွတ်ခွင့်ပေးခဲ့ပြီးနောက် ဇန်နဝါရီ ၁ ရက်မှစတင်၍ ကောက်ခံမည်ဖြစ်ပြီး သက်တမ်း ၂ နှစ်ခွင့်ပြုမည်ဟု ကြေညာချက်အတွင်း ဖော်ပြထားသည်။

 

စစ်ကောင်စီ စီးပွား/ကူးသန်းဝန်ကြီးဌာနက မှတ်ပုံတင်ကြေးကောက်ခံမည့်နှုန်းထားများမှာ ကုမ္ပဏီ(သို့)စီးပွားရေးအဖွဲ့အစည်းဆိုပါက မှတ်ပုံတင်ကြေး ၇၀,၀၀၀ ကျပ်၊ သက်တမ်းတိုးကြေး ၇၀,၀၀၀ ကျပ်၊ SME ဆိုင်ရာ အသိအမှတ်အပြုအထောက်အထားရှိသည့် ကုမ္ပဏီ(သို့)စီးပွားရေးအဖွဲ့အစည်းဆိုပါက မှတ်ပုံတင်ကြေး ၅၀,၀၀၀ ကျပ်၊ သက်တမ်းတိုးကြေး ၅၀,၀၀၀ ကျပ်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆိုပါက မှတ်ပုံတင်ကြေး ၃၀,၀၀၀ ကျပ်နှင့် သက်တမ်းတိုးကြေး ၃၀,၀၀၀ ကျပ်သတ်မှတ်ထားပြီး ပြင်ဆင်ချက်တစ်ချက်လျှင် ကျပ် ၃၀၀၀ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

သို့သော် အွန်လိုင်းအသုံးပြု စီးပွားရှာသူအသိုင်းအဝိုင်းကမူ လက်မခံဘဲ တတ်နိုင်သမျှ ရှောင်တိမ်းပြီး မဖြစ်မနေမှသာ လုပ်ဆောင်မည်ဟု ပြောဆိုကြသကဲ့သို့ စစ်ကောင်စီအသိုင်းအဝိုင်းနှင့် မဆက်ဆံလိုသူ အွန်လိုင်းရှာဖွေသူအချို့ကမူ အလုပ်မလုပ်တော့ဘဲ ရုပ်သိမ်းလိုက်မှုများလည်း ရှိနေသည်။

 

“အခုကတော့ Facebook ကလည်း သူတို့(စစ်ကောင်စီ)နဲ့ အလိုတူအလိုပါလားမသိဘူး။ အခုရက်ပိုင်း ကျွန်မ Page မှာ တင်တဲ့ဓာတ်ပုံတွေကို Auto ကြီး ဖျက်ချနေတယ်။ အခွန်ကတော့ ဖြစ်နိုင်ရင် မဆောင်ချင်ဘူး။ နောက်ဆုံးမဖြစ်မနေမှပဲ လုပ်ဖို့ရှိပါတယ်” ဟု ရန်ကုန်မြို့က အွန်လိုင်းပေါ်မှ စီးပွားရှာနေသူတစ်ဦးက ပြောသည်။

 

စစ်ကောင်စီ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း ၎င်းတို့ကြောင့် အခက်အခဲအကြပ်အတည်းတွေ့နေသည့် ပြည်သူများကို အခွန်စည်းကြပ်မှုများ အဆမတန်လုပ်ဆောင်နေပြီး ပြည်ပရောက်လုပ်သားများ၊ သင်္ဘောသားများကို အခွန်ပေးဆောင်ရမည်ဟု ထုတ်ပြန်ကြေညာထားသည်။