ဖယ်ခုံမြို့ရှိ စစ်ကောင်စီစခန်းကုန်းများကို ဆက်တိုက်သိမ်းနိုင်ပြီးနောက် မြို့ဝင်/ထွက် KNDF ထိန်းချုပ်

Author လဂွန်းအိမ်
Categories
Published on Dec 29, 2023

ကရင်နီ(ကယား)ပြည်၊ ဖယ်ခုံမြို့နယ်တွင်းရှိ စစ်ကောင်စီ၏ ရွှေပြည်အေးနှင့် လွယ်ပတာ စခန်းကုန်းများကို ဒီဇင်ဘာ ၂၃၊ ၂၄၊ ၂၅ ရက်နေ့တို့တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့အဝင်အထွက်ကို ကာကွယ်တပ်များ ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ထို့ကြောင့် အရပ်သားများ ထိခိုက်မှု မရှိစေရန် မြို့တွင်းသို့ အဝင်အထွက် မပြုကြရန်နှင့် မိုးဗြဲ-ဖယ်ခုံဒေသ အသီးသီးတွင် နေထိုင်ကြသည့် အရပ်သားပြည်သူများ အနေဖြင့် နေအိမ်များသို့ ပြန်လည်နေထိုင်ခြင်းမပြုရန် မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေးမဟာမိတ်အင်အားစုများက ထုတ်ပြန်ကြေညာသည်။

 

ယခုထုတ်ပြန်ချက်နှင့် ပတ်သက်၍ CJ Platform သတင်းဌာနက စခန်းသိမ်းမှုအခြေအနေ၊ စခန်းသိမ်းတိုက်ပွဲများ အတွင်း စစ်ကောင်စီဘက်က အကျအဆုံးနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု ရှိမရှိ၊ စစ်သုံ့ပမ်း ရှိ၊ မရှိနှင့် တော်လှန်ရေး ရဲဘော်များဘက်က ထိခိုက်ကျဆုံးမှု ရှိ၊ မရှိ အစရှိသည်တို့ကို သိရှိနိုင်ရန် ကရင်နီတပ်ပေါင်းစုထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

ကရင်နီပြည် မိုးဗြဲ-ဖယ်ခုံဒေသသည် ကရင်နီပြည်၏ အဝင်တံခါးအဖြစ် အချက်အချာကျသည့် နေရာတွင် တည်ရှိသကဲ့သို့ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ထိစပ်နေသည်။

 

စစ်ကောင်စီသည် ယခုနှစ် ဧပြီလ ၂၅ ရက်နေ့က ဖယ်ခုံဒေသအတွင်းရှိ ဆောင်းဖွေးကျေးရွာဆေးရုံကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူတစ်ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ရသည်။ ထို့ပြင် ဖယ်ခုံမြို့ ကုန်ဆုံရပ်ကွက်အတွင်းရှိ တာယာဆိုင်ကို ဒီဇင်ဘာ ၂၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။

 

ကရင်နီ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုများ အနေဖြင့် နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ကာ ၁၁၁၁ စစ်ဆင်ရေးအဖြစ် စစ်ကောင်စီ ခြေကုတ်ယူထားသော ကင်းစခန်းများ၊ ထောက်ပို့စခန်းများ၊ စခန်းကုန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲလျက်ရှိသည်ဟု သိရသည်။

 

ဓာတ်ပုံ – KNDF Pekhon Zone