ကျုံဒိုးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ (၂)ဦး ပြင်းထန်ဒဏ်ရာရ

Author လင်းနွေဦး
Categories
Published on Dec 22, 2023

ကရင်အမျိုးသား အစည်းအရုံး(KNU) အုပ်ချုပ်မှုနယ်မြေ၊ ဒူးပလာယာခရိုင် ကျုံဒိုး မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်များမှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း KNU မှ ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၈) ရက်နေ့ နံနက် (၁၀)နာရီ (၄၅)မိနစ်ခန့်တွင် ကျုံဒိုးအခြေစိုက်  စစ်ကောင်စီတပ် စကခ (၁၂)လက်အောက်ခံ ခလရ(၂၃၀)တပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီးများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ကြားအင်း ကျေးရွာ အတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက် အတွင်း ဖော်ပြသည်။

 

စစ်ကောင်စီမှ ပစ်လွှတ်သော လက်နက်ကြီးများ ကျရောက် ပေါက်ကွဲမှုကြောင့် တောင်ကြာအင်းကျေးရွာ အတွင်းရှိ အသက် (၄၆)နှစ်အရွယ် အမျိုးသမီး တစ်ဦး လက်နက်ကြီး ဗုံးစများ ထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ဒီဇင်ဘာ (၁၉)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်တွင် စကခ လက်အောက်ခံ ခလရ-၂၃၀ တပ်ရင်းမှပင် တောင်ကြာအင်းကျေးရွာ အတွင်းသို့ (၁၂၀)မမ လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့သဖြင့် ကျေးရွာ အတွင်းရှိ အမျိုးသမီးနှစ်ဦး ဗုံးစထိမှန်မှုကြောင့် ဒူးခေါင်း နှင့် ပေါင်တို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကာ လိုအပ်သော ဆေးကုမှုများ ပြုလုပ်၍ စောင့်ရှောက်မှုပေးနေကြောင်း KNU မှ ဆိုသည်။

“၁၀၂၇” စစ်ဆင်ရေး စတင်ပြီး နောက်ပိုင်းတွင် နိုင်ငံတဝန်း၌ စစ်စခန်းများစွာ လက်လွှတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများ အတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖိနှိပ်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာ (၁၂)ရက်နေ့၌ လည်း စစ်ကောင်စီ၏ လက်နက်ငယ် ရမ်းကားပစ်ခတ်မှုကြောင့် ဒူးပလာယာခရိုင်အတွင်းရှိ အူဟူးထာရွာ မှ ပြည်သူ တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ရသည်။

 

ဓာတ်ပုံ -KNU