အသက်၊ သွေး၊ ချွေးတို့ စံချိန်တင် စတေးခဲ့ပြီးမှ နမ့်ခမ်းမြို့ကို သိမ်းနိုင်ခဲ့သည်ဟု ညီနောင် သုံးဖွဲ့ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Dec 20, 2023

ရှမ်းပြည် (မြောက်ပိုင်း) ရှိ မြို့ကြီးတစ်မြို့ဖြစ်သည့် နမ့်ခမ်းမြို့ကို တအာင်းတပ်မတော် (TNLA) က (၃၁) ရက်ကြာ တိုက်ခိုက်ပြီးနောက် ယမန်နေ့ (ဒီဇင်ဘာ ၁၉ ရက်) တွင် သိမ်းယူနိုင်ခဲ့ပြီး အဆိုပါ မြို့သိမ်းတိုက်ပွဲသည် တအာင်းတပ်မတော်၏ အသက်၊ သွေး၊ ချွေးတို့ စံချိန်တင် စတေးခဲ့ရသော တိုက်ပွဲများထဲမှ  တစ်ခုဖြစ်သည်ဟု ညီနောင်သုံဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

နမ့်ခမ်းမြို့ကို တအာင်းတပ်မတော်က နိုဝင်ဘာ (၁၇) ရက်နေ့မှ ဒီဇင်ဘာ (၁၈) ရက်နေ့အထိ (၃၁) ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရပြီး တအာင်းတပ်မတော်ဘက်မှ (၄၉) ဦး ကျဆုံးကာ (၁၄၅) ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု တအာင်းတပ်မတော် (TNLA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

စစ်ကောင်စီဘက်တွင်လည်း ဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား အများအပြား ကျဆုံးပြီး ထိုသူတို့၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

 

နမ့်ခမ်းမြိုသိမ်း တိုက်ပွဲတွင် စစ်ကောင်စီက နမ့်ခမ်းမြို့ လက်မလွှတ်ရရေးအတွက် ဂျက်ဖိုက်တာဖြင့် အကြိမ် (၂၆၀)၊ Y8 လေယာဉ်ဖြင့် အကြိမ် (၄၀)၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် အကြိမ် (၂၅) ကြိမ်တို့ အပြင် ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးဖြင့် (၁၂) ကြိမ်၊ အဆိပ်ငွေ့ဗုံး (၆) လုံးတို့ဖြင့် ပစ်ကူ၊ ခုခံ ထိုးစစ်များဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သော်လည်း တအာင်းတပ်မတော်က  နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ “စခန်းသစ်ကုန်း” အပါအဝင် တပ်စခန်းကြီး၊ ငယ် စုစုပေါင်း (၁၉) ခုခန့်ကို သိမ်းယူနိုင်ခဲ့သည်ဟုလည်း သိရသည်။

 

နမ့်ခမ်းမြို့သည် စစ်ကောင်စီ၏ အမှတ် (၇) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်နှင့် ၎င်းလက်အောက်ခံ တပ်များဖြစ်သည့် ခလရ (၂၆၁)၊ ခမရ (၄၂၃)၊ (၄၂၅)၊ (၄၂၆)၊ (၁၄၃) နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)တို့ပါဝင်ကာ အင်အား (၉၀၀) နီးပါးခန့်ရှိသည့် စစ်အင်အား၊ လက်နက်အင်အားများဖြင့် နှစ်‌ပေါင်းများစွာ လာရောက်အခြေချထားရာ  အခြေစိုက် မြို့တစ်မြို့ဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် နမ့်ဆန်မြို့သည် ရှမ်းမြောက်ဒေသအတွင်း ညီနောင် (၃) ဖွဲ့မှ အပြီးသတ်သိမ်းပိုက်ထားနိုင်သည့် ဒုတိယမြောက် မြို့ကြီးတစ်မြို့ ဖြစ်လာသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့မှ ဒီဇင်ဘာ (၁၉) ရက်နေ့အထိ စစ်ဆင်ရေး (၅၄) ရက်တာအတွင်း တအာင်းတပ်မတော်သည် နမ့်ခမ်း၊ နမ့်ဆန် မြို့များ အပါအဝင် စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၆၀) ကျော်ကို ထိန်းချုပ်ထားနိုင်ပြီလည်းဖြစ်သည်။

Related News

Depend on news