နာရေးကားဖြင့်သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရ ၅ ဦးသေ

Author လဂွန်းအိမ်
Categories
Published on Dec 15, 2023

ငါန်းဇွန်မြို့နယ် ညောင်ပင်ရိုးကျေးရွာ၌ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် နာရေးကား၊ ထွေလာဂျီများဖြင့် သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်သဖြင့် ၅ ဦး သေဆုံးခဲ့ကြောင်း ငါန်းဇွန် ပကဖ ထံမှသိရသည်။

 

ညောင်ပင်ရိုးရွာသို့ ထော်လာဂျီ ၂ စီးဖြင့် ရောက်ရှိနေသော စစ်ကောင်စီ တပ်သား ၄၀ ခန့်သည် ယမန့်နေ့ နံနက် ၅ နာရီအချိန်ခန့်၌ ညောင်ပင်ရိုးရွာမှ သားကြင်ရွာသို့အသွား ညောင်ပင်ရိုးရွာထိပ်တွင်ပင် မိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

 

” သူတို့ပါလာတဲ့ ထော်လာဂျီအပြင် ပရဟိတနာရေးကားနဲ့ ထွက်လာကြတာပါ၊ ဒီအချိန်မှာ ဒီကောင်တွေက ဒီလိုပရဟိတကားတွေကို သူတို့ထင်သလို သုံးရနေတာပဲဗျာ  ဒီတခါလဲ ချောဆွဲလာတာ နေမှာပဲ” ဟု ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ CJ Platform သို့ ပြောသည်။

 

ယင်းသို့ ဖောက်ခွဲတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်များ စီးနင်းလိုက်ပါလာသော နာရေး‌ယာဉ်နှင့် ထွေလာဂျီ တစ်စီးတို့မှာ နေရာတွင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

မိုင်းဆွဲခံရသဖြင့် စစ်ကောင်စီတပ်သားများ အထိနာကာ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ကာ သားကြင်ရွာသို့ ဆုတ်ခွာသွားခဲ့ပြီး အတည်မပြုနိုင်သေးသော သတင်းအရ ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်သား ၉ ဦး မှာ သားကြင်ရွာတွင် ဆေးကုသမှုခံယူနေရသည်ဟု ဆိုသည်။

 

ယင်းတိုက်ခိုက်မှုအား ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Black Eagle Defence Force – MMU တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်အင်အားစုများမှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

ငါန်းဇွန်မြို့နယ်၏ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် tgyrပျောက်ကျားအဖွဲ့၊ ရွှေဂျိုးဖြူ ပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့တို့ပါ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – ငါန်းဇွန် ပြည်သူ့ကာကွယ်ရေးအဖွဲ့