စစ်ကိုင်းတိုင်းအတွင်း စစ်ရှောင် ခြောက်သိန်းကျော်အထိမြင့်တက်လာသည့်အတွက် နေထိုင်စားသောက်ရေးအပြင် လိုအပ်ချက်များစွာဖြစ်ပေါ်နေ

Author လင်းနွေဦး
Categories
Published on Dec 11, 2023

လက်နက်ကိုင်တော်လှန်ရေး အားအလွန်ကောင်းသော စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် (၂၂)မြို့နယ်အတွင်းမှ စစ်ရှောင်ဦးရေ ခြောက်သိန်းကျော်အထိရှိနေကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်၏ ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ ပြောကြားသည်။

 

၎င်းတို့သည် စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးမှု၊ လက်နက်ကြီး ရမ်းကားပစ်ခတ်မှုနှင့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှု အစရှိသည်တို့ကြောင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို စစ်ဘေးရှောင်များအတွက် နေထိုင်ရေး၊ အစားအသောက်တို့အပြင် လိုအပ်ချက်များစွာမြင့်တက်နေပြီး အကူအညီများလိုအပ်နေကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

 

“အဓိကလိုအပ်တာ စားရေးသောက်ရေးရှားပါးနေတယ်။ ကုန်ဈေးနှုန်းတွေတက်တာဆိုတော့ သူတို့မှာ ပိုပြီးရှားပါးနေတယ်ပေါ့နော်။ ပြီးတော့ ဆောင်းရာသီရောက်လာတော့ သူတို့မှာ အနွေးထည်တွေ လိုအပ်မယ်။ စောင်တွေလိုအပ်မယ်ပေါ့နော်။ စစ်ရှောင်ရတဲ့အခေါက်ရေ များလာတာ လူတွေတိုးလာတော့ ကူညီတဲ့သူတွေမှာလည်း အခက်အခဲတွေ ဖြစ်နေတယ်ပေါ့နော်။ အဲဒီလို လိုအပ်ချက်လေးတွေရှိနေပါတယ်” ဟု အဆိုပါပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ရှောင်ပြည်သူ များပြားလာမှုနှင့်အတူ ကျန်းမာရေးနှင့် အခြားသော ကဏ္ဍများတွင်လည်း ကူညီပံ့ပိုးပေးနိုင်ရန် လိုအပ်ချက်များရှိနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

 

စတုရန်း ကီလိုမီတာ (၉၃,၇၀၄) ကျယ်ဝန်းသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်များကို စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်က မြေပြင်၌ လှုပ်ရှားကူညီပေးနေသည့် အဖွဲ့ ၃၀ ကျော်ဖြင့် စစ်ရှောင်ပြည်သူများကို ကဏ္ဍအလိုက် ခွဲခြားသတ်မှတ်၍ ကူညီပံ့ပိုးနေကြောင်း သိရသည်။

 

စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ လတ်တလောကောက်ယူရရှိထားသော စာရင်းများအရ စစ်ရှောင်များကို အမြဲတမ်းနေရပ်စွန့်ခွာ စစ်ဘေးရှောင်နှင့် ယာယီစစ်ဘေးရှောင်ဟူ၍ အမျိုးအစား ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါကွန်ရက်မှ လတ်တလော ကောက်ယူရရှိသော စာရင်းများအရ စစ်ကိုင်းတိုင်းအတွင်း (၃၄)မြို့နယ်ရှိသည့်အနက် (၂၂)မြို့နယ်ရှိ စစ်ရှောင်ဦးရေစာရင်းကိုသာ ကောက်ယူထားနိုင်ခဲ့ခြင်းဖြစ်ပြီး အမြဲတမ်းနေရပ်စွန့်ခွာ စစ်ဘေးရှောင် ပြည်သူ (၁၃၄,၀၀၀)ခန့်နှင့် ယာယီစစ်ဘေးရှောင် ဦးရေ (၄၆၉,၈၀၀)ခန့် စုစုပေါင်း စစ်ရှောင်ပြည်သူ ဦးရေ (၆၀၃,၈၀၀)ခန့် ရှိနေကြောင်း သိရသည်။

 

လက်ရှိ စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ဖွဲ့များသည် နိုဝင်ဘာလအတွင်းက ကောလင်းမြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။