ကွတ်ခိုင်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခု TNLA ထပ်သိမ်း၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ⬛ နှစ်ရက်အတွင်း TNLA သိမ်းပိုက်နိုင်သည့်စခန်း ငါးခုထိရှိလာ

Author အဂ္ဂ
Categories
Published on Dec 11, 2023

ရှမ်းပြည်(မြောက်ပိုင်း) ကွတ်ခိုင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့ ပူးပေါင်းအထိုင်ချထားသည့် တပ်စခန်းကို ယမန်နေ့(ဒီဇင်ဘာ ၁၀ ရက်)ည(၈) နာရီ (၃၅)မိနစ် ဝန်းကျင်တွင် တအာင်းတပ်မတော်(PSLF/TNLA)က ဝင်ရောက်တိုက်ခိုက်ကာ ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ယနေ့ နေ့လယ်တွင်း ထုတ်ပြန်သည်။

 

အဆိုပါတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ခုနစ်ဦး၊ 60 မမ လက်နက်ကြီးအပါအဝင်၊ ပစ္စတို နှစ်လက်လက်၊  လက်နက်မျိုးစုံ (၅၈ )လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

ထို့ပြင် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို တအာင်းတပ်မတော် သိမ်းပိုက်နိုင်ရန် ကြိုးပန်းနေသည့်အတွက် ယမန်နေ့ (ဒီဇင်ဘာ ၁၀ ရက်)  ညသန်းခေါင်ယံအချိန်တွင် စစ်ကောင်စီတပ်က Jet Fighter ဖြင့် (၄)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သကဲ့သို့  ယနေ့ (ဒီဇင်ဘာ ၁၁ ရက်)  နံနက် (၉ နာရီ ၃၄ မိနစ်ခန့်တွင်လည်း ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံးဖြင့် (၂)ကြိမ်၊ (၁၀ နာရီ ၅၀ မိနစ်ခန့် Jet Fighter ဖြင့် (၂)ကြိမ်၊ (၁၂ နာရီခွဲခန့်က Y12 လေယာဥ်ဖြင့် ဗုံး(၁၆)လုံး ထပ်မံ၍ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

 

TNLA သည် ဒီဇင်ဘာ ၁၀ ရက်နေ့က ယခုစခန်းအပြင် ကဒိုင်းဖူးတောင်တပ်စခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၁၁ ရက် တစ်မနက်တည်း နမ့်ဆမ်မြို့ရှိ လွယ်ဆိုင်တပ်စခန်း၊ နမ့်ဆမ်ရဲစခန်းတို့အပြင် လားရှိုးမြို့၊ အီနိုင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းတို့သိမ်းပိုက်နိုင်ခဲ့သည့်အတွက် နှစ်ရက်အတွင်း စခန်း ၅ ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိအချိန်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ (၂၇) မှစ၍ ယနေ့ အထိ ရှမ်းမြောက်တခွင်တွင်စစ်ရေးပြင်းထန်နေပြီး တအာင်းတပ်မတော်သည် စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၅၈) ခုသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သကဲ့သို့ နမ့်ခမ်းမြို့ကိုအလုံးစုံထိန်းချုပ်နိုင်ရေးကိုလည်း ကြိုးပမ်းတိုက်ခိုက်လျက်ရှိသည်။