စက်သုံးဆီဝယ်ယူရခက်ခဲ၍ စက်တပ်သမ္ဗန်သမား၊ ဘေးတွဲဆိုင်ကယ်သမားများ အခက်ကြုံနေ

Author ကိုထက်
Categories
Published on Dec 11, 2023

ရန်ကုန်တွင် စက်သုံးဆီဝယ်ယူရခက်ခဲမှု တစ်ပတ်ကြာလာပြီးနောက် စက်တပ်သမ္ဗန်သမားများ၊ ဘေးတွဲဆိုင်ကယ်သမားများကဲ့သို့ အခြေခံလုပ်သားများအတွက် ပိုမိုအခက်အခဲကြုံလာနေရကြောင်း ၎င်းတို့က ဆိုသည်။

 

ရန်ကုန်ရှိ လက်လုပ်လက်စားများအနေဖြင့် ဆီဝယ်ယူရခက်နေပြီး၊ တစ်နေ့တာအတွင်း ဆွဲရသည့်အကြိမ်ရေ‌လျော့နည်းလာပြီး အုံနာကြေး ရရှိရေးပင် ခက်ခဲလာကြသည်ဟု ဆိုကြသည်။

 

“ဆီတစ်ဘူးလောက်ရဖို့ကို တော်တော်ခက်ခဲနေတော့၊ အရင် တစ်ရက်ကို ၂ သောင်း၊ ၃ သောင်းလောက်ရတာက ဆီမရှိတော့မဆွဲရဘူး။ အုံနာကြေးတောင် မနည်းရှာနေရတယ်။ အိမ်စရိတ်ရဖို့မပြောနဲ့။ ‌ဆီကရပြန်တော့လည်း ရှိရင်းဈေးထက် နှစ်ဆလောက် ပေးဝယ်နေရတယ်။ တော်တော်ခက်ခဲပါတယ်ဗျာ” ဟု ‌ရန်ကုန်မြို့ရှိ ဘေးတွဲဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။

 

စက်သုံးဆီဝယ်ယူရခက်ခဲမှုမှာ ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ ဖြစ်ပွားခဲ့ပြီး ယနေ့အထိ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် မော်တော်ကားများအပြင် ဘေးတွဲဆိုင်ကယ်များသည် အချိန်ကြာမြင့်စွာ တန်းစီနေကြရသည်ကို လမ်းမများပေါ်တွင် မြင်တွေ့နေရသည်။

ထို့ပြင် ရန်ကုန်မြစ်ထဲ ပြေးဆွဲနေသည့် စက်တပ်သမ္ဗန်သမားများသည်လည်း ဆီမရ၍ အချို့သမ္ဗာန်သမားများ ရပ်တန့်ထားရပြီး အချို့မှာလည်း ပြေးဆွဲနိုင်ရန် များစွာခက်ခဲနေကြောင်း သိရသည်။

 

“ဆီကတစ်ဗူးလောက်ရဖို့ကို တော်တော်ခက်တယ်။ ဆွဲလို့က ဆီရလို့ကတော့ အဆင်ပြေတယ်။ အခုက ဆီကိုမရတာပြသာနာ။ သမ္ဗန်သမားအချင်းချင်းဆီက ပြန်ဝယ်တာတောင်မရဘူး။ ဒီဟာလေး မောင်းမှ စားဝတ်နေရေးက အဆင်ပြေတာ။ သမ္ဗန်ဆွဲမရတော့ ချေးငှားပြီး ဖြေရှင်းနေရတယ်။ တော်တော်အဆင်မပြေပါဘူး” ဟု ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန်မောင်းသူတစ်ဦးက ပြောသည်။

 

လက်ရှိတွင် စက်သုံးဆီရရှိမှုခက်ခဲနေသည့်ဂယက်မှာ ပိုမိုဆိုးရွားလာပြီး ပြင်ပမှောင်ခိုဈေးကွက်များလည်း ပေါ်ပေါက်နေကြောင်း CJ Platform သတင်းဌာနမှ စုံစမ်းသိရှိရသည်။

 

စက်သုံးဆီဈေးနှုန်းများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၂၄၆၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၅၁၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၁၀ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၂၃၀၀ကျပ် ရှိနေကြောင်း ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များထံမှ သိရသည်။

 

သို့သော် ဘူးများဖြင့်ရောင်းချသည့် ပြင်ပစက်သုံးဆီဈေးကွက်အတွင်းတွင်မူ တစ်ဘူးလျှင် ကျပ် ၄၀၀၀ မှ ၅၀၀၀ ကျော်အထိရှိကြောင်း စုံစမ်းသိရသည်။