ရွှေဘိုတက္ကသိုလ်ကျောင်းတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဗုံးပစ်တိုက်ခိုက် ခုနစ်ဦးခန့်ဒဏ်ရာရ

Author မင်းထက်
Categories
Published on Dec 08, 2023

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ရွှေဘိုတက္ကသိုလ်ကျောင်းအတွင်း အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်များကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာ၀န်ခံ ဗိုလ်သိဒ္ဓိက CJ Platform သို့ ပြောသည်။

 

ရွှေဘိုတက္ကသိုလ်၀င်းအတွင်းတွင် စစ်ကောင်စီတပ်သား အင်းအား ၃၀ ဝန်းကျင်ခန့် တပ်ဆွဲထား​ရာ နို၀င်ဘာလ ၆ ရက်နေ့ ၊ ည ၉  နာရီ ၅ မိနစ်အချိန်တွင် ကျောင်းဝင်းရှေ့တွင် သဲအိတ်ဘန်ကာများကာ၍ စစ်ဆေးခြင်းများပြုလုပ်နေရှိသော စစ်ကောင်စီတပ်သားများ နေထိုင်ရာ ဘန်ကာအတွင်းသို့ လက်လုပ်ဗုံး နှစ်လုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“ဗုံးဖောက်ခွဲခံရတော့ လက်နက်နဲ့ ဘန်ကာထဲကနေ ရမ်းပြစ်တယ်ဗျ။ ၇ ‌ေ-ာင်လောက်ရှိမယ်။ ကျွန်တော်တို့က ဝပ်နေလိုက်တယ်။‌ေ-ွးတွေလည်း ဘန်ကာထဲကနေ ထွက်လာရော ကျွန်တော်တို့က အရင်ပစ်လိုက်တာ။ သူ့ဘက်ကိုယ့်ဘက် အပြန်လှန်ပြစ်ခတ်ကြတာ။ ကျွန်တော်တို့လည်း ဆုတ်ရင်းပစ်ရင်း အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ဗိုလ်သိဒ္ဓိကပြောသည်။

 

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာချိန်တွင်လည်း  အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

တစ်ဆက်တည်းမှာပင်  ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်ရာ ရွှေဘိုမြို့ က.ည.နရုံး အနီးသို့ ချဥ်းကပ်၍ လက်နက်ငယ်များဖြင့် ၁၅ မိနစ်ခန့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးရဲဘော်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

၎င်းတိုက်ခိုက်မှုများကို  စိုင်နိုင်တိုက်နယ် သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် တာနောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ညီနောင် နှစ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ဲ့ကြောင်း ၊ ၎င်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိရာ လေးဦးမှာ ရွှေဘိုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။