နယ်မြေအသီးသီးမှ CDM ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော စစ်ကောင်စီ ဖြုတ်ချရေး ကန်ပိန်းပြုလုပ်

Author လင်းနွေဦး
Categories
Published on Dec 07, 2023

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ကျန်းမာရေးနယ်ပယ် မှ CDM ကျန်းမာရေးဝန်ထမ်းများ ပါဝင်သည့် စစ်ကောင်စီဖြုတ်ချရေး ကမ်ပိန်းအား ယနေ့ ဒီဇင်ဘာ (၇) ရက်နေ့ တွင် ပြုလုပ်ခဲ့ကြောင်း CDM Medical Network ၏ တာဝန်ရှိသူတစ်ဦး မှ CJ Platform သို့ပြောကြားသည်။

ကမ်ပိန်းအမည်အား “လူတိုင်း သက်ရှည်ကျန်းမာဖို့ စစ်ကောင်စီ ကိုဖြုတ်ချစို့”ဟု အမည်ပေးကာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ မှ စတင်ပြီး CDM ပြုလုပ်ခဲ့သော သက်ဆိုင်ရာ ကျန်းမာရေးနယ်ပယ်အသီးသီးမှ ဝန်ထမ်းများ ပါဝင် ပြုလုပ်ခဲ့ဖြစ်သည်။

ဒီဇင်ဘာလ အစောပိုင်းတွင် စစ်ကောင်စီ မှ ကျင်းပပြုလုပ်ခဲ့သည့် Myanmar Public Health Conference တွင်အသုံးပြုခဲ့ သော “လူတိုင်းသက်ရှည်ကျန်းမာဖို့ ကျန်းမာရေးတိုးမြှင့်စို့”ဟူသည့် ဆောင်ပုဒ်အား ဦးတည်ကာ တစ်ကမ္ဘာလုံး ကပ်ရောဂါဆိုက်ရောက်နေသည့် အချိန်တွင်ပင် လုပ်ဆောင်ခဲ့သည့် စစ်အာဏာသိမ်းမှုအောက်တွင် အဆင့်အတန်းမှီ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရန် မဖြစ်နိုင်ကြောင်း ရည်ရွယ်ချပြလိုသည့်အတွက် ယခု ကမ်ပိန်းအား ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ ခုလည်းမြင်တွေ့ခဲ့ရတဲ့ အတိုင်းပေါ့နော်  CDM လုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေ တခြားနေရာ ဒေသတွေမှာ ဆေးကုပေးတယ် ဖမ်းခံရတယ် ဒီစစ်ကောင်စီ လက်ထက်မှာ ပြည်သူအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တယ် ဆိုပါစေ အဆင့်အတန်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရနေ၊ မရနိုင်ပါဘူး စစ်ကောင်စီ ပြုတ်ကျမှသာလျှင် ပြည်သူတွေအတွက် အကျိုးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းတစ်ခု ရနိုင်မှာ ဖြစ်ပါတယ်”ဟု CDM Medical Network မှတာဝန်ရှိသူ ဒေါက်တာ စစ်မင်းနိုင်မှ CJ Platform သို့ ဖြေကြားသည်။

CDM Medical Network ၏ စာရင်းကောက်ယူရရှိမှုအရ လက်ရှိ မြန်မာနိုင်ငံ တဝန်း၌ စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုခြင်းမရှိသဖြင့် CDM ပြုလုပ်ခဲ့သည့် ပြည်သူ့ ကျန်းမာရေးဝန်ထမ်းအရေအတွက်မှာ အာဏာသိမ်းချိန်မှ ယခု ၂၀၂၃ ဒီဇင်ဘာ လအထိ ၄,၅၀၀၀ ကျော် ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ- CDM Medical network