ကိုးကန့်တိုက်ပွဲအတွင်း စကခ (၁၂) ၏ စကခမှူး သေဆုံး

Author အဂ္ဂ
Categories
Published on Dec 07, 2023

ရှမ်းပြည် (မြောက်ပိုင်း) လောက်ကိုင်ဒေသရှိ ကုန်းကြမ်းစခန်းကို နိုဝင်ဘာ (၂၈) ရက်နေ့က ကိုးကန့်တပ်(MNDAA) က သိမ်းပိုက်စဉ် လက်နက်မချဘဲ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများကို လိုက်လံချေမှုန်းကာ နယ်မြေရှင်းလင်းရေးစဉ်တွင် တွေ့ရှိမိသည့် ရုပ်အလောင်းများထဲတွင် အမှတ် (၁၂) စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် (စကခ) ၏ စကခမှူးကို သေဆုံးလျက်သား တွေ့ရှိရသည်ဟု ယနေ့တွင် ကိုးကန့်တပ် (MNDAA) က ထုတ်ပြန်ကြေညာခဲ့သည်။

 

ကုန်းကြမ်းတွက် နှစ်ပေါင်း (၃၀) နီးပါး အခြေစိုက်ခဲ့သည့် ခလရ (၁၂၅) တပ်ရင်း တစ်ရင်းလုံးသည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၈) ရက်နေ့တွင် ကိုးကန့်တပ် (MNDAA) ထံလက်နက်ချစဉ် စကခ (၁၂) နှင့် စကခ (၁၆) မှ စကခမှူးများနှင့် တပ်သားအချို့မှာ လက်နက်မချပဲ ထွက်ပြေးကြသဖြင့် ကိုးကန့်တပ်များက လိုက်လံချေမှုန်းစဉ် အဆိုပါ စကခ (၁၂) ၏ စကခမှူး အောင်ဇော်လင်းမှာ ကျဆုံးခဲ့ရခြင်းဖြစ်သည်။

 

ကိုးကန့်တပ်များ နယ်မြေရှင်းလင်းရေးလုပ်စဉ် ဒီဇင်ဘာ တစ်ရက်နေ့နှင့် နှစ်ရက်နေ့အတွင်း စစ်ကောင်စီတပ်သား (၁၀၀) နီးပါးကို ချေမှုန်းနိုင်ခဲ့ကာ  တွေ့ရှိရသည့် ရုပ်အလောင်းများရှိ တံဆိပ်များကို စစ်ဆေးကြည့်ရာ စကခ (၁၂) လက်အောက်ခံ တပ်ရင်း (၃၅၅)၊ စကခ (၁၆) လက်အောက်ခံ တပ်ရင်း (၆၉) နှင့် တပ်ရင်း (၃၂၃) တို့ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကိုးကန့်တပ်က ထုတ်ပြန်ထားသည့် စာရွက်စာတမ်းများတွက် စကခ (၁၂) ၏ စကခမှူးအောင်ဇော်လင်း၏ ရာထူးအဆင့်မှာ ဒုတိယဗိုလ်မှူးကြီးဖြစ်ပြီး  စစ်ကောင်စီတပ်၏ ဖွဲ့စည်းပုံအရမူ စကခ များကို တာဝန်ယူအုပ်ချုပ်သူမှာ စကခမှူးများမှာ ဗိုလ်မှူးချုပ်ရာထူးရှိသူများဖြစ်သည်ကို တွေ့ရသည်။

 

နိုဝင်ဘာ (၂၈) တွင် ကုန်းကြမ်းစခန်းကို သိမ်းယူပြီးနောက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရေးလုပ်ကာ လိုက်လံချေမှုန်းနေသော ကိုးကန့်တပ်များသည် စစ်ကောင်စီတပ်သား ရာကျော် ရှင်းလင်းထားနိုင်ခဲ့သလို ဒီဇင်ဘာ (၅) ရက်နှင့် (၆) ရက် နှစ်ရက်အတွင်း စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း (၃၀) ကျော်ကိုလည်း ဖမ်းမိထားသည်။

 

ကိုးကန့်ဒေသတွင် လက်နက်မချပဲ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများနှင့် ပတ်သက်၍ MNDAA ပြောရေးဆိုခွင့်ရှိသူလီကျားဝင်းက “ဒီတိုင်းဆက်လက်ပြီး ပေကပ် ခေါင်းမာပြီးတော့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေကို ဆက်လက်ပြီး ထိခိုက်နေမယ်၊ ဖမ်းဆီးနေမယ်၊ ပြီးတော့ ကျွန်တော်တို့ကို ဆန့်ကျင်နေမယ်ဆိုရင်တော့ ကျွန်တော်တို့က  အမြစ်ပြုတ် ချေမှုန်းသွားမှာ ဖြစ်တယ်” ဟု  CJ Platform ၏ မေးမြန်းမှုကို ဒီဇင်ဘာ (၂) ရက်နေ့က ဖြေကြားထားသည်။

 

ဓာတ်ပုံ – The Kokang